KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး လေ့ကျင်ရေး သင်တန်းအချိန် ရေထဲမျောပါ သေဆုံးမှု ကြိုတင် ပြင်ဆင်မှု မရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှု ပေါ့လျော့ခြင်းကြောင့်ဟု စိစစ်တွေ့ရှိရ

by

in

KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး လေ့ကျင်ရေး သင်တန်းအချိန် ရေထဲမျောပါ သေဆုံးမှု ကြိုတင် ပြင်ဆင်မှု မရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှု ပေါ့လျော့ခြင်းကြောင့်ဟု စိစစ်တွေ့ရှိရ
ရန်ကုန်၊ အောက်တိုဘာ ၁
ကရင်နီပြည်တွင် KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး ရေထဲမျောပါ သေဆုံးခြင်းသည် ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်များ တွက်ချက်မှု ပေါ့ဆခြင်းနှင့် စီမံခန့်ခွဲမှုများ ပေါ့လျော့မှုများကြောင့်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ယနေ့ ထုတ်ပြန်လိုက်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင် တန်း သားများက သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ် ရေချောင်းတခုကိုဖြတ်ကျော် ရန် ကြိုးစားအားထုတ်ရာတွင် မတော်တဆဖြစ်ပွားခဲ့ကာ ဆေးသင်တန်းသား ၁၈ ဦး ရေထဲသို့မျောပါကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်။
KNDF ဆေးတပ်သား ရဲဘော် ၁၈ ဦး သေဆုံးမှုသည် အမိန့်ပေးသူ သင်တန်းကျောင်းအုပ်နှင့် သင်တန်းဆရာ ၃ ဦးသည် ရဲဘော်ရဲမေများကို လေ့ကျင့်ရေး ခိုင်းစေရာတွင် သေစေလိုသည့်ဆန္ဒ မပါဝင်ကြောင်း၊ သို့သော် Happy Mission မပြုလုပ်မီ ကြိုတင်ပြင်ဆင်မှု အလုံးစုံမရှိဘဲ ကြိုတင်ပြင်ဆင်ရန်နည်းနာများ ပျက်ကွက်မှု၊ ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များအား တွက်ချက်မှု ပေါ့ဆခြင်း၊ စီမံခန့်ခွဲမှုများ ပေါ့လျော့မှုနှင့် ဆုံးဖြတ်ချက်မှား ယွင်းမှုများ ရှိခြင်း ရလဒ်အဖြစ် သင်တန်းတက်ရောက်နေသော ရဲဘော်ရဲမေ စုစုပေါင်း ၁၈ ဦး သေဆုံးမှုဖြစ်စေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ် မဖြစ်ပွားမီ သင်တန်းကျောင်းအုပ် အပါအဝင် သင်တန်းဆရာ ၂ ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ ညဘက်မစ်ရှင်ထွက်ရန် ဆုံးဖြတ်ချက်မချမီ အရက်၊ ဘီယာ သောက်သုံးထားသည်ဟု ဝန်ခံထားကြောင်း၊ သောက်သုံးမှုပမာဏမှာ သင်တန်းကျောင်းအုပ်သည် Grand ပြာကို Speed အချိုရည်ဘူး တဝက်ခန့်သောက်ထားပြီး သင်တန်းဆရာ ၂ ဦးသည် ရိုးမဘီယာအနီ (သံဘူးတို) တစ်ဘူးစီသောက်သုံးထားကြောင်း သိရသည်။
လူသေဆုံးခဲ့ရသည့် Happy Mission ဖြစ်စဉ်ကို ပေးအပ်ထားသည့်တာဝန်ဖြင့် သင်တန်းဆရာများ၏ တသီးပုဂ္ဂလဆုံးဖြတ်ချက်နှင့် စီစဉ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဤဖြစ်စဉ်တွင် ပါဝင်သူ ၂ ဦးမှာ အဓိက တာဝန်ရှိနေသည်ဟု ၎င်းတို့ကိုယ်တိုင် စုံစမ်းမေးမြန်းချိန်တွင် ထွက်ဆိုထားကြောင်း KNDF က ပြောဆိုထားသည်။
ထို့ပြင် ရေထဲသို့မဆင်းမီ သင်တန်းသား၊ သင်တန်းသူများသည် မြေကြီး (သို့မဟုတ်) ကျောက်ခဲများကို အမျိုးသားဖြစ်ပါက အလေးချိန် ၅ ပိဿာခန့်နှင့် အမျိုးသမီးဖြစ်ပါက ၃ ပိဿာခန့်ကို ကျောပိုးအိတ်၊ ဆာလာအိတ် များထဲ ထည့်၍ သယ်ယူရန်လည်း ညွှန်ကြားခံခဲ့ရကြောင်း၊ ရေထဲဖြတ်ကူးချိန်တွင် သယ်ဆောင်လာသော အိတ်များအတွင်းရှိ မြေကြီးနှင့် သဲများသည် ရေစိုမှုကြောင့် ၅ ပိဿာအိတ်များသည် ၁၁ ပိဿာခန့် ပြောင်းလဲသွားပြီး ၃ ပိဿာအိတ်များသည် ၆ ပိဿာခန့်အထိ အလေးချိန် ပြောင်းလဲသွားသည်ကို ကိုယ်တိုင်ချိန်တွယ် တွေ့ရှိခဲ့ကြောင်း အစီရင်ခံစာတွင်ပါရှိသည်။
Frontline/Combat Medic သင်တန်းသည် အချိန် ၄ လ ကြာမြင့်မည့်ဖြစ်ပြီး ရည်ရွယ်ချက်သည် တပ်ရင်းတပ်ဖွဲ့ အသီးသီး၏ ရှေ့တန်းစစ်ဆင်ရေးများအတွက် အသက်ကယ်ဆေးတပ်သားများ မွေးထုတ်ရန်ဖြစကြောင်း၊ သင်ကြားရေးပိုင်းကို ဆေးဘက်ဆိုင်ရာ ပညာရှင် ဆရာဝန်များမှ တာဝန်ယူပြီး အုပ်ချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကဏ္ဍကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF မှ တာဝန်ယူကြောင်း၊ ယခုသင်တန်းသည် ၄ လ ကြာမြင့်ရန် လျာထားပြီး ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးသည့် Frontline/Combat Medic သင်တန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ၆ ရက်တာ စုံစမ်းစစ်ဆေးမှုအပြီး စက်တင်ဘာလ ၃၀ ရက်နေ့၌ အစီရင်ခံစာ ကို ရေးသားပြုစုခဲ့ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုကော်မတီကို တင်ပြထားလျက်ရှိကြောင်း၊ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို KNDF မှ ဆက်လက်အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုများထံသို့ ထုတ်ပြန်အစီရင်ခံမည်ဖြစ်ကြောင်း သိရှိရသည်။