ရန်ကုန်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှု ရဲနှင့်စစ်သားများအပြင် ပျူစောထီးနှင့် ပြည်သူ့စစ်များ အများအပြားပါဝင်သဖြင့် ကြောက် လန့်၍ မေးခွန်းများ ဖြေဆိုရဟုဆို

by

in

ရန်ကုန်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှု ရဲနှင့်စစ်သားများအပြင် ပျူစောထီးနှင့် ပြည်သူ့စစ်များ အများအပြားပါဝင်သဖြင့် ကြောက် လန့်၍ မေးခွန်းများ ဖြေဆိုရဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာတွင် ရဲနှင့်စစ်သားများအပြင် ပျူစောထီးနှင့် ပြည်သူ့စစ်များ အများအပြားပါဝင်သဖြင့် ကြောက် လန့်၍ မေးခွန်းများ ဖြေဆိုခဲ့ရကြောင်း တာမွေမြို့နယ်နှင့် ကမာရွတ်မြို့နယ်မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး စစ်ကောင်စီက နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက် ယူနေပြီး ရန်ကုန်တိုင်းတွင်လည်း ကောက်ယူကြောင်း၊ အထူးသဖြင့် လူနေထူထပ်သော ကမာရွတ်နှင့် တာမွေမြို့နယ်တို့တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရဲနှင့်စစ်သားများ အပြင် ပြည်သူ့စစ်နှင့်ပျူစောထီးများကပါ လက်နက်များ ကိုင်ဆောင် လိုက်ပါလာကြောင်း သိရှိရသည်။
“တိုက်ခန်းပေါ်တက်လာတာ လူ ၇ ဦး တက်လာတယ်။ ထွေ/အုပ်၊ စစ်သား၊ ရဲနဲ့ လ၀က၊ ပြီးတော့ ကျောင်းစိမ်းဝတ်စုံနဲ့ ဆရာမ ၁ ဦးပါတယ်။ ကျန်တာက ရပ်ကွက်က ။ စစ်သားနဲ့ရဲက ရှေ့မှာထိုင်ပြီး ငုတ်တုတ်ကြီး ထိုင်ကြည့်နေတော့ မေးခွန်းတွေ မဖြေချင်တာလည်းဖြေရတာပဲ။ မသိပါဘူးပြောလည်းမရဘူး။ ဒီလိုလား ဟိုလိုလားနဲ့ အတင်းမေးတယ်။ ခြိမ်းခြောက်ပြီး မေးသလိုပါပဲ” ဟု တာမွေမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကမာရွတ်မြို့နယ်တွင်လည်း ရဲနှင့် ရပ်ကွက်မှ ပျူစောထီးတချို့က သန်းခေါင်စာရင်း ကောက်ယူသည့်အဖွဲ့နှင့်ပါဝင်လာ၍ မေးမြန်းသော မေးခွန်းများကို မဖြေဆိုလိုသော်လည်း အတင်းအကျပ် မေး၍ ဖြေဆိုခဲ့ရကြောင်း ကမာရွတ်မြို့နယ်မှ ပြည်သူက ရှင်းပြသည်။
“အိမ်မှာ ရှိတဲ့ အမေက ဆုံးထားတာ မကြာသေးဘူး။ အဲဒါ ဘာလို့ သန်းခေါင် စာရင်းထဲက မထုတ်တာလဲ။ ချက်ချင်းထုတ်ရမှာ မသိဘူးလား။ ဝင်ငွေ ဘယ် လောက်လဲ၊ ရွှေရှိလား ဘာတွေမှန်းကိုမသိဘူး မေးနေတာ။ မဖြေချင်ရင်လည်း အတင်းအကျပ်မေးပါတယ်။ နောက်တော့ ခေါင်းပဲ ငြိမ့်လိုက်တော့တယ်။ အတော် အဆင်မပြေဘူး။ အိမ်မှာလည်း ကိုယ်တစ်ယောက်တည်း မိန်းမသားကျန်ခဲ့တော့ ကြောက်နေတာ။ သူတို့မေးခွန်းတွေက တစ်အိမ်လုံး လူရှိအကုန်လိုက်မေးတာ။ သန်းခေါင်စာရင်း ကောက်တာလား စစ်မေးနေတာလားမကွဲပြားဘူး ” ဟု ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး နိုင်ငံတစ်ဝန်းတွင် သန်းခေါင်စာရင်းများ ကောက်ယူနေပြီး လာမည့် အောက် တိုဘာလ ၁၅ ရက်နေ့ အထိ ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- နိုင်ငံတစ်ဝန်း စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်း ကောက်ယူနေစဉ်။