ဘုတလင် တိုက်ပွဲ စစ်အုပ်စု ဆယ်နဲ့ချီ သေ၊ ၃၀ ကျော် ဖမ်းမိကာ လက်နက် ၇၀ ကျော် ရ၊ လူသတ်၊ လုယက်၊ ဘုရားငွေခိုးတဲ့ စစ်အုပ်စု စစ်ကြောင်းလိုက် ပြုတ်ဟုဆို၊

by

in

ဘုတလင် တိုက်ပွဲ စစ်အုပ်စု ဆယ်နဲ့ချီ သေ၊ ၃၀ ကျော် ဖမ်းမိကာ လက်နက် ၇၀ ကျော် ရ၊
လူသတ်၊ လုယက်၊ ဘုရားငွေခိုးတဲ့ စစ်အုပ်စု စစ်ကြောင်းလိုက် ပြုတ်ဟုဆို၊
ဘုန်းစိုး/MFP၊ စက်တင်ဘာ – ၃၀

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ဒီကနေ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စု ဆယ်နဲ့ချီ သေဆုံးကာ ၃၀ ကျော် လက်ရ ဖမ်းမိပြီး လက်နက် ၇၀ ကျော် သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာလ ၃၀ရက် ဒီကနေ့ မနက် ၁၁နာရီအချိန် ဘုတလင်မြို့နယ် စီပါနဲ့ ကျွဲသေချောင်းရွာကြားမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ. တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်အုပ်စု အများအပြား သေ၊ ၃၀ ကျော် လက်ရ ဖမ်းမိကာ လက်နက် ၇၀ ကျော် သိမ်းဆည်း ရရှိတာလို့ ဆိုပါတယ်။
“ဘီလူး စစ်ကြောင်းဆိုတာ ဒါလားကွ။ စစ်ကြောင်းတစ်ကြောင်းလုံးသုတ်” လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး – BLDF တပ်ဖွဲ့ဝင် ရဲဘော်နာရွဲ့ဆွမ်က ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ ဘုတလင်မြို့ပေါ်ကနေ ကူတော်ရဲစခန်းဘက်ကို စစ်ကူသွားပြီး ဘုတလင်မြို့ဘက် ပြန်လာတဲ့ စစ်အုပ်စု ဖြစ်တယ်လို့ ဆိုပါတယ်။
ကူတော်ရဲစခန်းဘက် စစ်ကူသွားရောက်ချိန် လမ်းတလျှောက် ရွာတွေကို စီးနင်းဝင်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့သလို ဘုရားငွေတွေကိုပါ ဖောက်ထွင်းခိုးယူခဲ့တဲ့ စစ်အုပ်စု ဖြစ်တယ်လို့ ဆိုပါတယ်။
အင်အား ၇၀ ၀န်းကျင်ပါ အဲ့ဒီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက သုံးနာရီကျော်ကြာ ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကြောင်းလိုက် ပြုတ်တယ်လို့ ဆိုပါတယ်။
“အသေ (သေဆုံးစာရင်း)ကတော့ အတိကျ မသိရသေးဘူး၊ ပိုးလို ပက်လက်ပဲ (၂၀)ကျော် အစိတ်တော့ ရှိမှာ သေတာက၊ အရှင်မိတာက ၃၄ ယောက်၊ လက်နက်တွေက ၇၀ ကျော်တယ်”လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၀င်တစ်ဦး ကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ် ရခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
“လေကြောင်း လာပစ်သေးတယ်၊ ကိုယ့်ဘက်က အေးဆေးပါပဲ၊ ပွန်းပဲ့ရုံ ဒဏ်ရာရတာ၊ သူတို့ (စစ်အုပ်စု) ဘက်က လေး၊ ငါး ယောက်တော့ လွတ်သွားတာ ရှိတယ်၊ ကိုယ်တွေက ဒီ ၃၀ ကျော်ကို မဲနေတုန်း ထွက်ပြေးကြတာ” လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င် က ပြောပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်တာဟာ ကူတော်ရွာရဲစခန်းကို စက်တင်ဘာလ ၂၀ရက်က စစ်ကူသွားတဲ့ စစ်အုပ်စု ဖြစ်ပြီး စစ်ကြောင်း နောက်ပြန်လှည့်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ကူတော်ရွာရဲစခန်းကို စစ်ကူ၊ စစ်ကြောင်းထိုးချိန်က ကျွဲသေချောင်းကျေးရွာက အပြစ်မဲ့ပြည်သူ တစ်ဦးနဲ့ ကတိုးကျေးရွာက အသက် ၇၀ကျော် အဘိုးတစ်ဦး၊ ရပ်ကျေး ပကဖ အဖွဲ့၀င် နှစ်ဦး၊ စုစုပေါင်း လေးဦးကို ပစ်သတ်ခဲ့ပြီး ကျွဲသေချောင်းရွာ ဘုန်းကြီးကျောင်းက ဘုရားငွေ ကျပ် ၁၀ သိန်းကျော်ကို ခိုးယူခဲ့ကြသူတွေ ဖြစ်သလို ကတိုးရွာက နေအိမ် ၂၀ ၀န်းကျင်ကို မီးရှို့ဖျက်စီးခဲ့တဲ့ စစ်အုပ်စု ဖြစ်တယ်လို့ ဆိုပါတယ်။
ဘုတလင်နယ် တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စုနဲ့ ဖမ်းမိတဲ့ စစ်အုပ်စုကို တွေ့ရစဉ်/Photo – ပေးပို့
#Mandalay_Free_Press_MFP