စစ်ကောင်စီက ပြည်သူကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေမှုများ သတိပြုရန်၊ တော်လှန်ရေးအင်အားစုများ အကြား သွေးခွဲမှုများ သတိထားရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

by

in

စစ်ကောင်စီက ပြည်သူကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေမှုများ သတိပြုရန်၊ တော်လှန်ရေးအင်အားစုများ အကြား သွေးခွဲမှုများ သတိထားရန် NUG ဝန်ကြီးချုပ် တိုက်တွန်း
ရန်ကုန်၊ စက်တင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီက ပြည်သူကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရန်သူပီသစွာဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများကို အမြဲမပြတ် ဆောင်ရွက်နေ၍ သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး တိုက်တွန်းလိုက်သည်။
ယမန်နေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၂၆/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိ အချိန်ကာလတွင် ပြည်သူများသည် မုန်တိုင်း၏ ရိုက်ခတ်မှုနှင့် ရာသီဥတုဆိုးရွာမှုကြောင့် အလွန်ဒုက္ခရောက်နေကြကြောင်း၊ ထိုအချိန် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို ကူညီရန် မကြိုးစားဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ ယခင်ကာလထက် ပိုမို၍ ဆောင်ရွက်လာကြောင်း၊ ပြည်သူများ၏ လက်ရှိအခြေအနေကို လုံး၀ ထည့်တွက်ခြင်းမပြုဘဲ ရန်သူက ရန်သူပီသအောင် အမြဲမပြတ်ဆောင်ရွက်နေကြောင်း NUG ဝန်ကြီးချုပ်က သတိပေးသည်။
“အခုရက်သတ္တပတ်များအတွင်းမှာ မုန်တိုင်းရဲ့ ရိုက်ခက်မှုတွေ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ပြည်သူများဟာ အင်မတန်မှ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာတောင်မှ ပြည်သူကို ကူညီဖို့ စဉ်းစားတာမျိုးမရှိဘဲ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေကို အရင်ကာလထက်ပိုမိုပြီး ဆောင်ရွက်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိအခြေအနေ တွေကို လုံးဝထည့်တွက်ခြင်း မရှိဘဲ ရန်သူဟာ ရန်သူပီသအောင် အမြဲတမ်း ဆောင်ရွက်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ အပါအဝင် တော်လှန်ရေး အရှိန်အဟုန်ရလာသည့် အချိန်တိုင်းတွင် NUG အစိုးရ လုပ်ငန်းစဉ်များ ရပ်တန့်သွားရန်၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြား ယုံကြည်မှုများ၊ နားလည်မှုများ ပျက်ယွင်းရန် နည်းလမ်းမျိုးစုံသုံး လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက် သတိပေးသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတဲ့ အဓ္ဓမစစ်သားစုဆောင်းမှုပြုလုပ်တဲ့ ကိစ္စတွေက စလို့ တခုပြီးတခုဆိုသလို တော်လှန်ရေး အရှိန်အဟုန်ရလာချိန်တိုင်းမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားအောင်၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ယုံကြည်မှုတွေ၊ နားလည်မှုတွေ ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း တော်လှန်ရေးလုပ်ငန်းများကို ဆွေးနွေး ဆောင်ရွက်ကြရာမှာ နိုင်ငံရေး၊ သံတမာန်ရေး၊ စစ်ရေး နည်းလမ်းများကို ချင့်ချိန်ညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို တုန့်ပြန်နိုင်ဖို့အတွက် ဝန်ကြီးဌာန တခုနဲ့တခု ချိတ်ဆက်မှု၊ ပေါင်းစပ်မှု အားကောင်းနေဖို့ လိုအပ်သလို အစိုးရအနေနဲ့ဖွဲ့စည်းထားတဲ့ ကော်မတီတွေဆိုရင်လည်း ကော်မတီလုပ်ငန်းစဉ် တခုနဲ့ တခုဟာ ချိတ်ဆက်မိနေဖို့ အင်မတန်အရေးကြီးပါတယ်” ဟု သူက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော တော်လှန်ရေးအဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှု အရေးကြီးပြီး ထိုသို့ ပေါင်းစပ်စုစည်းမှု ပိုမို အားကောင်းမှသာ အကြမ်း ဖက်စစ်အုပ်စုကို ဖယ်ရှားပြီး ရည်မှန်းချက်ပန်းတိုင်ရောက်ရှိမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က တိုက်တွန်း ပြောဆိုသွားသည်။