မန္တလေးမြို့ အခြေစိုက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆူးလေကုန်းကျေးရွာမှ နို့စို့အရွယ် ကလေးငယ် ၁ ဦးနှင့်ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံး

by

in

မန္တလေးမြို့ အခြေစိုက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆူးလေကုန်းကျေးရွာမှ နို့စို့အရွယ် ကလေးငယ် ၁ ဦးနှင့်ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂၂

မန္တလေးမြို့ အခြေစိုက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆူးလေကုန်းကျေးရွာမှ နို့စို့အရွယ် ကလေးငယ် ၁ ဦးနှင့်ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း Voice of Mandalay ၏ ထုတ်ပြန်ချက်နှင့် မတ္တရာမှ တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်များက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး မန္တလေးဘက်မှ လက် နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်လာကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာမှု ကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်က သုံးဆယ်ပေးကျေးရွာနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ ဝန်းကျင်သို့ တိုက်လေယာဉ်များဖြင့်လည်း ဗုံးများကျဲချပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ရကြောင်း သိရှိရသည်။
“သုံးဆယ်ပေးကျေးရွာမှာ PDF အခြေပြုစခန်းရှိတယ်ဆိုပြီး စစ်တပ်က စစ် ကြောင်းထိုးလာတာ။ အဲဒီမှာ ထိတွေ့မှုဖြစ်တယ်။ မန္တလေးဘက်ကနေ လက် နက်ကြီးတွေပစ်တယ်။ လေယာဉ်တွေနဲ့ ဗုံးကျဲတယ်။ အခုတော့ စစ်ရေးက တင်းမာနေတယ်။ အရပ်သားတွေ သေဆုံးတယ်ဆိုတာ မှန်ပါတယ်။ အခြေ အနေအရတော့ ကျနော်တို့ အသေးစိတ် ဘာမှ ပြောလို့မရသေးဘူး။ စစ်တပ်စစ်ကြောင်းကတော့ မတ္တရာနယ်ထဲမှာ ရှိနေတယ်” ဟု မတ္တရာမှ တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
မန္တလေးအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်ဖြစ်သော Voice of Mandalay က ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မတ္တရာမြိုနယ် သုံးဆယ်ပေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးများနှင့် ယမ်းသန်းပစ်ခတ်မှုကြောင့် မိခင် ၁ ဦး ၊ ၎င်း၏ ၈နှစ်အရွယ် သမီး ၁ ဦးနှင့် နို့စို့အရွယ် သား ၁ ဦး ၊ အဘွား ၁ ဦး ၊ ၎င်း၏ မြေး ယောက်ျားလေး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာရရှိသူ ၄ ဦးအနက်မှ ၅နှစ်အရွယ် ယောက်ျားလေး ၁ဦးပါ ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ပြည်သူ ၆ဦး အထိရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြသည့် နို့စို့အရွယ်ကလေးငယ်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူများ။
Photo- VOMDY