တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်

by

in

တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်
မိထက်/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။
ယနေ့ည ၁၀နာရီ၁၅မိနစ်နှင့် ၁၀နာရီ ၂၀မိနစ် ကြားတွင် အင်အားပြင်း ဗုံးနှစ်လုံးကြဲသွားခြင်းဟု မြို့ခံတစ်ဦးကပြောသည်။
” မြို့ထဲကိုကြဲသွားတာပါ။ နောက်ထပ်လေယာဉ်လည်းစက်ဝဲနေသေးလို့ ဗုံးခိုကျင်းထဲနေနေရတယ်။ ဘယ်နေရာကို ကြဲချသွားမှန်း တိတိကျကျတော့မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
မန္တလေးနှင့် တောင်ကြီးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုံးဝပြုလုပ်မည်မဟုတ်‌ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက် စွဲကိုင် သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန်မေတ္တာရပ်ခံကြောင်း လားရှိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားသော ကိုးကန့်တပ် (MNDAA)က စက်တင်ဘာ ၁၈ရက်တွင် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရှိရသေးပေ။
ယင်းမတိုင်မီ စက်တင်ဘာ ၁၃ရက်ညကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီသည် နမ့်ပေါင်ကျေးရွာအနီး၊ နမ္မ ကျောက်မီးသွေးတွင်းကို စက်တင်ဘာ ၁၀ရက်မွန်းလွဲ ၁နာရီခန့်ကလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စက်တင်ဘာ ၉ ရက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁)ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။ထို့အပြင် စက်တင်ဘာ ၈ ရက်နံနက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁၂)ရှိ အားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံများပိုင်ဆိုင် သောကားများပျက်စီးခဲ့သည်။
MNDAAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်းလုံမြို့၊ချင်း​ရွှေ​ဟော​လောက်ကိုင် ၊ကုန်းကြမ်း ၊​ဖောင်းဆိုင် ၊မုန်းကိုး၊
ပန်ဆိုင်းစ​သောမြို့များကိုသိမ်းယူထားသည်။ MNDAA သိမ်းယူထားသည့်မြို့များကို စစ်​ကောင်စီက လေကြောင်းမှမကြာခဏ ဗုံးကြဲနေသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်မည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များက ဝါဒဖြန့်ပြီး ကုန်း​ကြောင်းမှ တိုက်ခိုက်ခြင်းမရှိဘဲ ​လေ​ကြောင်းမှ မကြာခဏ ဗုံးကြဲ​နေခြင်းဖြစ်သည်။ သို့သော်
လည်း ယခုအခါ လားရှိုးမြို့တွင် MNDAA
အုပ်ချုပ်ရေးယန္တရားအသက်ဝင်နေပြီဖြစ်သည်။
(စက်တင်ဘာ ၂၁ ရက်ညတွင်စစ်​ကောင်စီကလားရှိုးမြို့ကိုဗုံးကြဲပြီး​နောက် အပျက်အစီးများ။ ဓာတ်ပုံ – CJ)