မန္တလေးမြို့နှင့်အနီးဆုံးနေရာတွင် တိုက်ပွဲ ဖြစ်နေသဖြင့် စစ်တပ်၏ လက်နက် ကြီး ပစ်ခတ်သံများ ဆူညံနေပြီး တိုက်လေယာဉ်များလည်း အတက်အဆင်း လုပ်နေ

by

in

မန္တလေးမြို့နှင့်အနီးဆုံးနေရာတွင် တိုက်ပွဲ ဖြစ်နေသဖြင့် စစ်တပ်၏ လက်နက် ကြီး ပစ်ခတ်သံများ ဆူညံနေပြီး တိုက်လေယာဉ်များလည်း အတက်အဆင်း လုပ်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၁
မန္တလေးမြို့နှင့် အနီးစပ်ဆုံးနေရာတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ယနေ့ နံနက်ပိုင်း လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေပြီး တိုက်လေယာဉ်များလည်း မကြာခဏ အတက်အဆင်း လုပ်နေကြောင်း မန္တလေးဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်တချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၆ နာရီဝန်းကျင်မှစတင်ပြီး မန္တလေးမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး တိုက်လေယာဉ်များဖြင့်လည်း ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ သုံးဆယ်ပေးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF စစ်ကြောင်းများ တက်လာသည်ဆိုသော သတင်းများကြောင့် စစ်တပ်က လေယာဉ်ပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုထက်ထိ မန္တလေးဘက်အခြမ်း စစ်တပ်အခြေပြုထားတဲ့ရွာတွေဘက်ကနေ လက်နက်ကြီးတွေ ပစ်နေတာ တောက်လျှောက်ပဲ။ လက်နက်ကြီး အလုံး ၆၀ လောက်ရှိနေပြီ။ တိုက်လေယာဉ်တွေလည်း တက်ပြီး ဗုံးကျဲတာတွေဖြစ်နေတယ်။ သုံးဆယ်ပေးကျေးရွာဘက်မှာ စစ်တပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်တယ်လို့ သိထားရတယ်။ PDF တွေ အများကြီးရောက်နေလို့ ပစ်တယ်လို့လည်း သိရတယ်။ သုံးဆယ်ပေးကျေးရွာကတော့ မန္တလေးနဲ့တော့ အရမ်းကို နီးနေပြီ” ဟု မန္တလေးအခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်နက်ကြီးပစ်ခတ်သံများကို မန္တလေးတစ်မြို့လုံး ကြားနေရပြီး တိုက်လေ ယာဉ်သံများလည်း မကြာခဏ ကြားနေရကြောင်း၊ မြို့ခံများမှာ လက်နက်ကြီးပစ်ခတ်သံများကြောင့် ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး သတိဖြင့် စောင့်ကြည့် နေကြကြောင်း သိရှိရသည်။