ပြင်ဦးလွင်၊ ဆက်သွယ်ရေးတပ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ တွင် ပါဝင်ကြမည့် သက်ကြီးပိုင်းအမျိုးသား အင်အား ၅၅၀ ဦးကို စစ်သင်တန်းပေးနေ

by

in

ပြင်ဦးလွင်၊ ဆက်သွယ်ရေးတပ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ တွင် ပါဝင်ကြမည့် သက်ကြီးပိုင်းအမျိုးသား အင်အား ၅၅၀ ဦးကို စစ်သင်တန်းပေးနေ
ရန်ကုန်၊ စက်တင်ဘာ ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတပ်အတွင်းတွင် ပြည်သူ့လုံခြုံရေး အဖွဲ့တွင် ပါဝင်ကြမည့် သက်ကြီးပိုင်း အမျိုး သား အင်အား ၅၅၀ ကို စစ်သငတန်းပေးနေပြီဖြစ်ကြောင်း ပြင်ဦးလွင် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်ပြီး ပြင်ဦးလွင်မြို့နယ်၊ ကျေးရွာများနှင့် ရပ်ကွက် အုပ်စု ၅၅ အုပ်စုဝန်းကျင်မှ သက်ကြီးပိုင်း အမျိုးသား ၅၅၀ ဝန်းကျင်ကို ပြင်ဦးလွင်အခြေစိုက် ဆက်သွယ်ရေးတပ်အတွင်းတွင် စစ်သင်တန်း ပေးနေခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှု သင်တန်းများကို မိုးကြိုးရပ်ကွက်အနားရှိ စက်ပစ်ကွင်းတွင် ပို့ချနေကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာ ရပ်ကွက်တစ်ခု၊ ကျေးရွာအုပ်စု တစ်စုကို လူ ၁၀ ဦးနှုန်းနဲ့ အုပ်စု ၅၅ ခုဝန်းကျင်က အင်အား ၅၅၀ ဝန်းကျင်ကို ဆက်သွယ်ရေးတပ်ထဲခေါ်ပြီး စစ်သင်တန်းပေးနေတယ်။ စာတွေ့နဲ့ ညအိပ်တာကို ဆက်သွယ်ရေးတပ်ထဲမှာ လုပ်တယ်။ ပစ်ခတ်မှု သင်တန်းကိုတော့ စက်ပစ်ကွင်းမှာ ပေးနေတယ်။ သက်ကြီးပိုင်း အမျိုးသားတွေအကုန်တက်နေရတာ။ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့ဖို့ စစ်သင်တန်းပေးနေတာ” ဟု ပြင်ဦးလွင် သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်သင်တန်းတက်နေရသူများမှာ ပြင်ဦးလွင်မြို့နယ်မှ ပြည်သူများဖြစ်သော်လည်း နေအိမ်သို့ ပြန်ခွင့်မပေးဘဲ ဆက်သွယ်ရေးတပ်အတွင်းသာ နေထိုင်ခွင့်ပြုကြောင်း၊ နေအိမ်များသို့လည်း တယ်လီဖုန်းဖြင့်ပင် ဆက်သွယ်ခွင့်မပေးဘဲ စခန်းသွင်း စစ်သင်တန်းလေ့ကျင့်ပေးနေခြင်းဖြစ် ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့စစ် ခေါ် ပျူစောထီး အများအပြားကိုလည်း စစ်ကောင်စီက လက် နက်တပ်ဆင်ပေးထားပြီးသည့်နောက် ယခုအခါ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် သက်ကြီးပိုင်းအမျိုးသားများကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင် စစ်သင်တန်း ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီက ပစ်ခတ်ရေး သင်တန်းအဖြစ် လူငယ်များကို ပို့ချပေးနေစဉ်။