ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့

by

in

ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့
KG(VOM)
စက်တင်ဘာ ၁၉ – ၂၀၂၄.

ရန်ကုန်မြို့မှာအိမ်ငှားခစျေးနှုန်းတွေ ဆက်လက်မြင့်တက်လာတာကြောင့် လခနည်း၀န်ထမ်းတွေနဲ့ အခြေခံပြည်သူတွေအပါအဝင် အိမ်ငှားရမ်းနေထိုင်ရသူများအခက်တွေ့ ကြုံနေရတယ်လို့ ရန်ကုန်အိမ်အငှားစျေးကွက်အတွင်းကနေသိရပါတယ်။
ရန်ကုန်မြို့ရဲ့ အိမ်ငှားရမ်းခစျေးနှုန်းတွေဟာဆင်ခြေဖုံးရပ်ကွက်တွေမှာ အခုလပိုင်းအတွင်း ကျပ်နှစ်သောင်းကနေကျပ်ငါးသောင်းနီးပါးထိမြင့်တက်လာခဲ့တာဖြစ်ပြီး လူစည်ကားတဲ့မြို့နယ်အတွင်း ရပ်ကွက်တွေမှာဆိုရင်တော့ အိမ်ငှားရမ်းခက ကျပ်သိန်းဂဏန်းနီးပါးထိ စျေးနှုန်းတွေမြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်ဟိုနေ့ကမေးကြည့်တာ တသိန်းနှစ်သောင်းတန်အငှားအခန်းကို အခုတသိန်းခွဲဖြစ်သွားတယ်။အိမ်ရှင်တွေကလည်း ကုန်စျေးနှုန်းနဲ့အကြောင်းအမျိုးမျိုးပြပြီး အိမ်ငှားခတွေကိုတိုးတောင်းနေကြတယ်။ ကျွန်တော်တို့မြို့နယ်ဘက်မှာစပေါ်သိန်း ၁၀၀ တောင်းတဲ့အခန်းတောင် အိမ်ငှားခက တလကို တသိန်းနှစ်သောင်းလောက်တောင်းတဲ့သူတွေယူတဲ့သူတွေရှိပါတယ်”လို့ ရန်ကုန်မြို့တွင် အိမ်ငှားရမ်းနေထိုင်သူတယောက်က ပြောပါတယ်။
တချို့ မြို့နယ်တွေမှာတော့ အိမ်ရှင်နဲ့ အိမ်ငှားပူးပေါင်းပြီးတော့ မလိမ့်တပတ်လုပ်ဆောင်မှုတွေ လူလည်ကျမှုတွေ ကိုလည်း အိမ်ငှားအများစုကြုံတွေ့ခံစားနေရပြီး အိမ်ငှားရမ်းနေထိုင်သူတွေအနေနဲ့ အခက်အခဲအချို့ကိုရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
“ကျွန်မတို့ဆိုအိမ်ငှားတာ ၆ လစာချုပ်နဲ့ချုပ်ထားတယ်၊အိမ်ငှားထားတယ်၊ တလကိုတသိန်းခွဲနဲ့ ပွဲခကလည်း တလစာပေးရတယ်။ အဲဒါကိုနေတာ တလမပြည့်သေးဘူး။ အိမ်ရောင်းမယ်ဆိုပြီး တော်ကြာဟိုပွဲစားကလာကြည့်လိုက်၊ ဒီပွဲစားကလာကြည့်လိုက်နဲ့အဲဒီလိုတွေဖြစ်နေတယ်။ အိမ်တခါတခါပြောင်းရတာကလည်းမလွယ်ကူဘူး။
အရောင်းခန်းဆိုအိမ်ငှားမတင်နဲ့လေ ရောင်းလိုက်။ အိမ်ငှားတင်ပြီးမှအရောင်းခန်းအတွက်ဝယ်သူတွေကလာလာကြည့်နေကြတာသူတို့ကိုအိမ်ပြရတာအလုပ်တခုလိုဖြစ်နေတယ်။နောက်အိမ်ပြောင်းရွှေ့ရတဲ့အခက်အခဲလည်းရှိပါတယ်”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာအိမ်ငှားနေထိုင်သူ ပြည်သူတယောက်ကထပ်မံ ပြောပြခဲ့ပါတယ်။
လက်ရှိ မြို့တွင်း (၆)မြို့နယ် ဧရိယာနဲ့အနီးစပ်ဆုံး ဖြစ်တဲ့ အလုံ၊စမ်းချောင်းနဲ့ ကြည့်မြင်တိုင်ဘက်တို့မှာ တိုက်ခန်းအငှား စျေးနှုန်းတွေကအပေါ်ဆုံးထပ်ကိုကျပ် ၃ သိန်းခွဲကနေစလို့ နေရာကောင်းရင်ကောင်းသလို ကျပ် ၅ သိန်း၊၆ သိန်းအထိ အိမ်ငှားခစျေးတွေရှိနေတယ်လို့ ဆိုပါတယ်။
“စမ်းချောင်းထဲမှာဆိုအိမ်ငှားရမ်းခက ၄ သိန်းခွဲကနေ ၅ သိန်းလောက်အထိရှိတယ်။အရင်လို ၂ သိန်း၊ ၂ သိန်းခွဲလောက်နဲ့မရတော့ဘူး။အလုံတို့ကြည့်မြင်တိုင်တို့ဆို ၃ သိန်း၊၃ သိန်းခွဲလောက်အထိပေါက်တယ်။ဒါတောင်အထပ်မြင့်တိုက်ခန်းတွေရဲ့အငှားစျေးနှုန်းပါ”လို့ စမ်းချောင်းမြို့နယ်အတွင်းမှာနေထိုင်သူတယောက်က ထပ်မံပြောပြခဲ့ပါတယ်။
လက်ရှိကာလတွင် ပြည်တွင်းအလုပ်ကိုင်ရှားပါးမှု၊ကုန်စျေးနှုန်းကြီးမြင့်လာမှုတွေအပါအဝင် အိမ်ငှားရမ်းခစျေးနှုန်းကြီးမြင့်လာမှုတွေကို အခြေခံပြည်သူတွေနဲ့ ဝင်ငွေနည်းပြည်သူတွေက အများဆုံးကြုံတွေ့နေကြရပြီး အိမ်ငှားခတွေကြောင့် နေ့စဥ်စား၀တ်နေရေး တောင်အနိုင်နိုင်ဖြေရှင်းနေကြရတဲ့ပြည်သူတွေရှိနေတယ်လို့လည်း သိရပါတယ်။
“မြို့စွန် မြို့နယ်ရပ်ကွက်တွေမှာတောင် ၁၀ ပေပတ်လည်၊၁၅ ပေပတ်လည်အဆောင်လိုအခန်းမျိုးတွေတောင် တလကို ခုနှစ်သောင်း၊ ရှစ်သောင်းအထိအခန်းငှားခပေးရပါတယ်။ ခနော်ခနဲ့ရိုးရိုးသစ်သားအိမ်လေးတောင်ဌားရမ်းခ တသိန်းခွဲလောက်ရှိပါတယ်။ စား၀တ်နေရေးတဖက်၊ အိမ်ငှားတဖက်နဲ့ဆိုတော့နေ့စဥ်စား၀တ်နေရေးတောင် မနည်းရုန်းကန်နေရတယ်။ အခုကျွန်မတို့ဆို တလကို အိမ်လခကတသိန်းရှိပါတယ်”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အိမ်ငှားရမ်းနေထိုင်တဲ့ အထည်၀န်ချုပ်၀န်ထမ်းအလုပ်သမတယောက်က ပြောပြခဲ့ပါတယ်။
လက်ရှိကာလမှာ အိမ်ငှားရမ်းခစျေးနှုန်းတွေဟာအဆ မတန်ဆိုသလိုမြင့်တက်လာနေပြီး ငှားရမ်းခ ၁၃၀၀၀၀ တန်လောက်သာပေါက်စျေးရှိတဲ့အခန်းကို အိမ်ပွဲစားအကျိုးဆောင်တွေက ၁၈၀၀၀၀ အထိစျေးခေါ် ပြီး ငှားရမ်းကြတာမျိုးတွေလည်းအိမ်ဌားစျေးကွက်မှာကြုံနေရတယ်လို့ သိရပါတယ်။
“ပွဲစားတွေအများစုက မတော်လောဘများကြတယ်။၂၉ ဂိတ်နားအိမ်လိုက်ပြတာ ၁၈၀၀၀၀ တဲ့။ အဲဒီနေ့က မကြိုက်လို့ပြန်လာလိုက်တာပေါ့။ နောက်ပွဲစားဦးလေးကြီးလိုက်ပြတာ အဲဒီအိမ်ပဲ ၁၃၀၀၀၀ တဲ့။ ဘာလို့ဈေးကအဲဒီလောက်တင်တာလဲနားမလည်နိုင်အောင်ပါပဲ”လို့ ရန်ကုန်မြို့ရှိ အိမ်ငှားတယောက်က သူကြုံတွေ့ ခဲ့ရတဲ့ဖြစ်စဥ်ကို ပြောပြခဲ့ပါတယ်။
Photo:KG