စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင်

by

in

စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင်
CJ Platform

မိုးကြီးလို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိုးဆက်ကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလဌာနက ဒီကနေ့မှာ မိုးလေဝသအထူးခန့်မှန်းချက်အနေနဲ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ အနောက်မြောက်ပိုင်းဒေသတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ တဖြည်းဖြည်းရွေ့လျားနေရာ ဒီကနေ့ မနက်ပိုင်းတိုင်းထွာချက်အရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ဆိုထားပါတယ်။
အဲဒီလေပွေလှိုင်းဟာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနဲ့ အဲဒီနေရာနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီလေပွေလှိုင်းအရှိန်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေဆက်အားကောင်းနိုင်ခြင်းတို့ကြောင့် ဒီကနေ့ မနက်မှ ၁၅ ရက်နေ့အထိ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ကယားပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။
ဒါကြောင့် အဲဒီဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးလာပါတယ်။
လတ်တလော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးကြီးလို့ ရေကြီးရေလျှံမှုများ ဒေသခံတွေ ကြုံတွေ့နေရပြီး လူအများအပြား အရေးပေါ် ပြောင်းရွှေ့နေရသလို ပိတ်မိနေသူတွေဆက်ရှိနေသလို သေဆုံးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ယမန်နေ့က မန္တလေးတိုင်း၊ ရမည်းသင်းမြို့မှာ လူ ဆယ်ဦးသေဆုံးခဲ့ရပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းက တပ်ကုန်းမြို့နယ်မှာလည်း လူသေဆုံးမှုတွေ ရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီကနေ သိရပါတယ်။
🖋ကိုထားဝယ်
ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(MFSD)
ပုံစာ – နေပြည်တော် ပုပ္ဗသီရိ၊ ပျော်ဘွယ်၊ တပ်ကုန်းမြို့နယ်တွေမှာ ပိတ်မိနေသူတွေအား ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်ပေးနေတာတွေကို တွေ့မြင်ရစဉ်
#CJPlatform #ရေကြီးရေလျှံမှု #မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ #နေပြည်တော်

နေ့စဉ်မိုးလေဝသသတင်း
—————————
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
============================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက်ရှိပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။