Breaking News – ဝမ်းတွင်းနယ် စမုံဆည် ကျိုး၊ ဆည်အောက်က ရွာတွေ အရေးပေါ်ပြောင်းရွှေ့ကြဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့က မိုက်နဲ့လိုက်အော်၊

Breaking News – ဝမ်းတွင်းနယ် စမုံဆည် ကျိုး၊
ဆည်အောက်က ရွာတွေ အရေးပေါ်ပြောင်းရွှေ့ကြဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့က မိုက်နဲ့လိုက်အော်၊
တေဇ/MFP ၊ စက်တင်ဘာ – ၁၁

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ် အစပ်ရှိ စမုံဆည် စက်တင်ဘာလ ၁၁ရက် ဒီကနေ့ ည(၇)နာရီခွဲဝန်းကျင်မှာ ဆည်ကျိုးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စမုံဆည်ကျိုးတဲ့အတွက် ဆည်အောက်က ကျေးရွာတွေ အရေးပေါ် ပြောင်းရွှေ့ကြဖို့ ဒေသအာဏာပိုင်တွေက ကျေးရွာတွေမှာ မိုက်နဲ့လိုက်အော်နေတယ်လို့ ဆိုပါတယ်။
“ဆည်က ၇ခွဲလောက်က ကျိုးတာ တဲ့ဗျ။ ဆည်အောက် ရွာတွေကိုတော့ စောစောက မိုက်နဲ့ လိုက်အော်နေတယ်တဲ့။ ရွာတွေက အရေးပေါ် ပြင်ထားဖို့၊ ရေမတက်နိုင်မဲ့ နေရာတွေကို အရေးပေါ် ရွှေ့ခိုင်းနေတာ” လို့ ဝမ်းတွင်းနယ် မြေပြင်ကင်းထောက် Voice Of Wundwin အဖွဲ့ တာဝန်ခံက MFP ကို ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဝမ်းတွင်းနယ်ထဲ မိုးသည်းထန်ရွာနေလို့ ဒေသတွင်း သွားလာလို့ မရဘဲ ဒေသခံတွေ အိမ်တွင်းက အိမ်အပြင်ထွက်ဖို့ကို ခက်ခဲနေတယ်လို့ ဆိုပါတယ်။
စမုံဆည် ကျိုးတဲ့အတွက် အလယ်ကန်၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ စတဲ့ ရေဦးတည့်ရာ ကျေးရွာတွေ အရေးပေါ် ရွှေ့ပြောင်းနေကြရပြီး အလယ်ကန်၊ ကျွယ်ကန်ဘက်မက တချို့အိမ်တွေ ရေနစ်နေပြီလို့ ဆိုပါတယ်။
စမံဆည်ရဲ့ အောက်ဘက်မှာ ကင်းတားဆည်၊ မြို့ကြီးဆယ်၊ ငပြောင်ဆည်၊ ရဲရွာဆည် စတဲ့ ဆည်တွေ ရှိသလို ကူမဲ ၊ မြစ်သား၊ ဟံမြင့်မိုရ် ၊ သံရွာ ၊ မြို့ကြီး ၊ ကျောက်ဆည် ၊ စဥ့်ကိုင် ၊ အင်းဝ၊ တံတားဦးစတဲ့ မြို့တွေ တည်ရှိပါတယ်။
မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားရေလှောင်တမံမှာလည်း ရေပြည့်မှတ် ရောက်ဖို့ နှစပေခန့်သာ လိုတော့ပြီး စက်တင်ဘာလ ၁၁ရက် ဒီကနေ့ မွန်းလွဲပိုင်းအချိန် ရေထိန်းတံခါး လေးခုကနေ ရေထုတ်လွှတ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
ကင်းတားဆည်ရဲ့ ရေပြည့်အမှတ်ဟာ ၂၀၇ ဒဿမ ၂၅ မီတာဖြစ်ပြီး ဒီနေ့ ညနေပိုင်း ၂၀၆ ဒဿမ ၇၆ မီတာအထိ ရေတက်နေကာ ရေပြည့်မှတ်ရောက်ဖို့ နှစ်ပေခန့်သာ လိုတော့ကြောင်း၊ မြစ်သားနယ်အပါအဝင် ကင်းတာဆည် အထက်ပိုင်းမှာ မိုးရေချိန် ၁ဒဿမ၇ လက်မနှုန်းအထိ မိုးဆက်လက် ရွာသွန်းနေတာကြောင့် ဆည်ရေထပ်မံ ထုတ်လွှတ်ဖွယ် ရှိတယ်လို့ ကင်းတားဆည်အစောင့်တစ်ဦးက ဆိုပါတယ်။
“ကင်းတားဆည် အောက်ဘက်မှ ပြည်သူများ မိုးက ဆက်လက်ရွာသွန်းနေပါတယ်။ အခု အခြေအနေတိုင်းဆို ရေထပ်လွှတ်နိုင်ပါတယ်။ သောက ပေးတယ်လို့ မထင်ပါနဲ့။ ကြိုတင်ပြင်ဆင်နိုင်အောင် အသိပေးခြင်းသာ”
ကင်းတားဆည်ရေကို ပန်းလောင်မြစ်ထဲ ထုတ်လွှတ်ပြီး ပန်းလောင်မြစ်ဟာ ကျောက်ဆည်မြို့အနီးမှာ စမုံမြစ်အတွင်း စီးဝင်ကာ တံတားဦးမြို့၊ အင်းဝမြို့ဟောင်းအနီးမှာ မြစ်ငယ်မြစ် ခေါ် ဒုဌဝတီမြစ်အတွင်း စီးဝင်ပါတယ်။ မြစ်ငယ်မြစ်ဟာအင်းဝအနီးမှာ ဧရာဝတီမြစ်ထဲ စီးဝင်တာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်းက ပင်းတယ၊ ရွာငံ၊ ကလော၊ အောင်ပန်း စတဲ့ မြို့တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ကျောက်ဆည်နဲ့ မြစ်သားနယ်ထဲ စီးဆင်းနေတဲ့ ဇော်ဂျီမြစ်နဲ့ ပန်းလောင်မြစ်တွေဟာ ရှမ်းပြည်တောင်ပိုင်းက ပင်းတယနဲ့ ရွာငံဒေသတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
မိုး ဆက်လက် ရွာသွန်းနေပြီး ဆက်လက် ရေကြီးနစ်မြုပ်နိုင်တာကြောင့် ကျောက်ဆည်နဲ့ မြစ်သားနယ် အပါအဝင် မြစ်၊ ချောင်းဘေးနေ ကျေးရွာတွေအနေနဲ့ ရေဘေးအန္တရာယ် သတိထားဖို့၊ နေအိမ်အောက်ထပ်တွေမှာ ထားတဲ့ အရေးကြီးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်တွေကို ရေလွတ်ကင်းနိုင်တဲ့နေရာ ပြောင်းရွှေ့ထားဖို့နဲ့ ရေလွတ်နိုင်တဲ့ နေရာ ရွှေပြောင်းနိုင်ရေး ပြင်ဆင်ထားကြဖို့ ပြည်သူအချင်းချင်း သတိပေး တိုက်တွန်းနေပါတယ်။
#Mandalay_Free_Press_MFP

ရမည်းသင်းမှာ မိုးရွာရေကြီးလို့ ရွာငါးရွာက လူ ၁၀ ဦး သေဆုံး၊
ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သားနဲ့ ကျောက်ဆည်နယ်တွေ ရေဘေးကြုံနေရ၊
တေဇ/MFP ၊ စက်တင်ဘာ – ၁၂
မန္တလေးတိုင်း၊ ရမည်သင်းမြို့နယ်မှာ စက်တင်ဘာလ ၁၁ရက်က မိုးသည်းထန် ရွာသွန်းပြီး ရေကြီးနစ်မြုပ်လို့ ကျေးရွာ ငါးရွာက လူ ၁၀ဦး သေဆုံးတယ်လို့ စစ်အုပ်စု မီးသတ်က သတင်းထုတ်ပြန်ပါတယ်။
မိုးရွာရေကြီးနေလို့ ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေက အိမ်ထောင်စု(၁၅၀၀၀)ကျော်၊ လူဦးရေ (၅၃၀၀၀)ကျော် ရေဘေးသင့်တယ်လို့ ဆိုပါတယ်။
မိုးရွာပြီး ရေကြီးနစ်မြုပ်မှုကြောင့် ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအုပ်စု ကံသာအေးကျေးရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးလေးဦး၊ ရွှေနန်းပေါ်ကျေးရွာက အမျိုးသမီးတစ်ဦး၊ ဆည်ကြီးကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာက အမျိုးသားတစ်ဦး၊ ညောင်အိုင်ကျေးရွာက အမျိုးသမီးတစ်ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စု ချောင်းဖျားကျေးရွာက အမျိုးသမီး တစ်ဦး၊ စုစုပေါင်း (၁၀)ဦး သေဆုံးတယ်လို့ စစ်အုပ်စု မီးသတ်က ထုတ်ပြန်ပါတယ်။
ရေနစ်မြုပ်တာလား၊ ရေစီးထဲ မျောပါသေဆုံးသလား စတဲ့ သေဆုံးရတဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ စစ်အုပ်စုက ထုတ်ပြန်တာ မရှိသေးပါဘူး။
လက်ရှိမှာ ရမည်းသင်းနယ်ထဲက ရေဘေးသင့်သူတွေကို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ စတဲ့ နေရာတွေနဲ့ ရေလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ စစ်အုပ်စု မီးသတ်က ဆိုပါတယ်။
လွန်ခဲ့တဲ့ သုံးရက်ခန့်ကတည်းက ရမည်းသင်း အပါအဝင် မန္တလေးတိုင်းအတွင်းက ရမည်းသင်း၊ မိတ္ထီလာနဲ့ ကျောက်ဆည် ခရိုင်တွေအတွင်း မိုးအသည်းအထန် ရွာသွန်းနေပြီး ဆည်ရေပြည့်၊ ချောင်းရေတက်လို့ ဒေသခံတွေ ရေကြီး နစ်မြုပ်မှုဒဏ် ခံနေရတာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းပြည်အရှေ့ပိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့ရွာတွေမှာပါ မိုးရွာ ရေကြီးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်နဲ့ မြစ်သားနယ်ထဲမှာလည်း ဆည်နဲ့တာတမံတွေ ရေပြည့်ရေလျှံပြီး တချို့ ကျိုးပေါက်တာ၊ မြစ်ရေချောင်းရေ မြစ်တက်တာတွေ ဖြစ်ပွားကာ ဒေသခံတွေ ရေကြီး နစ်မြုပ်မှုဒဏ် ခံနေရပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုး ဆက်လက် ရွာသွန်းနေပြီး ဆက်လက် ရေကြီးနစ်မြုပ်နိုင်တာကြောင့် ကျောက်ဆည်နဲ့ မြစ်သားနယ် အပါအဝင် မြစ်၊ ချောင်းဘေးနေ ကျေးရွာတွေအနေနဲ့ ရေဘေးအန္တရာယ် သတိထားဖို့၊ နေအိမ်အောက်ထပ်တွေမှာ ထားတဲ့ အရေးကြီးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်တွေကို ရေလွတ်ကင်းနိုင်တဲ့နေရာ ပြောင်းရွှေ့ထားဖို့နဲ့ ရေလွတ်နိုင်တဲ့ နေရာ ရွှေပြောင်းနိုင်ရေး ပြင်ဆင်ထားကြဖို့ ပြည်သူအချင်းချင်း သတိပေး တိုက်တွန်းနေပါတယ်။
ရမည်းသင်းနယ်ထဲက ရေဘေးသင့် ကျေးရွာတွေကို စစ်အုပ်စု မီးသတ်က ကူညီကယ်ဆယ်ရေး လုပ်နေစဉ်/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP