ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်
လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄လောင်းရရှိ
ဇူလိုင် ၂၇၊ ၂၀၂၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) – P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက် ညပိုင်းကစလို့ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာမှာရှိတဲ့ ခမရ ၅၉၀ တပ်ရင်းရဲ့ ရှေ့တန်းစခန်းကို KNLA နဲ့ PDF တပ်ရင်း ၂ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အထက်ပါ စခန်းကုန်းကို တော်လှန်ရေးတပ်တွေက အချိန် ၆နာရီကျော်ကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်တစ်နေ့မနက် အစောပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးကုန်တာကြောင့် ရွာရော စခန်းပါ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ပဲခူးခရိုင်တပ်ရင်း (၂) – P23702 က ထုတ်ပြန်ပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်က ရိုးမ (၂) အထူးကွန်မန်ဒိုတပ်ရင်းနဲ့အတူ ပဲခူးခရိုင် တပ်ရင်း (၂) – P23702 နဲ့ KNLA တပ်ရင်း (၉) ပူးပေါင်းအဖွဲ့တို့က ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။
“အဲ့စခန်းက ကျောက်ကြီး-နတ်သံကွင်း လမ်းကြောမှာပါပဲ။ လမ်းဘေးတော့ မကျဘူး။ သွားရတယ်။ စစ်ကောင်စီအင်အားက ၅၀နဲ့ ၆၀လောက်ရှိပါတယ်။ မိုးတွင်းဆိုတော့ ရွှံ့တွေ ဗွက်တွေထဲ ခက်ခက်ခဲခဲ တိုက်ခဲ့ရတယ်။ ဒါပေမယ့် စနစ်တကျ ဗျူဟာဆွဲပြီး တိုက်ခဲ့တာပါ။” လို့ ပဲခူးခရိုင်တပ်ရင်း(၂) – P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီအလောင်း ၄လောင်းနဲ့အတူ ၈၁ မမ (၁)လက်၊ ၆၀ မမ (၁)လက်၊ ၆၀ ကွန်မန်ဒို (၁)လက်၊ RPG (၁)လက် MA11 (၆)လက်၊ MA3 (၁)လက်၊ ဆက်သွယ်ရေးစက် (၁)လုံး၊ ဂျန်မာ (၂)လုံး၊ မီးစက် (၂ )လုံး ၊ ၈၁သီး (၃)လုံး၊ ၆၀သီး (၁၄)လုံး၊ RPG သီး (၂) လုံး၊ ခမောက် (၆)လုံး၊ ၁၈မိုင်း (၁၀) လုံး၊ ၁၄ မိုင်း (၂၀)လုံး နဲ့ ကျည်မျိုးစုံ (၄၀၀၀) အပါအဝင် စစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းအများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက်ရော လက်နက်တွေရော ရခဲ့ပေမယ့် ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေအတွက်တော့ အထူးကိုဝမ်းနည်းရပါတယ်။ သူတို့အတွက် ဒီတော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ့်စိတ် ရှိပါတယ်။” လို့ ပဲခူးခရိုင်တပ်ရင်း(၂) – P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ ကျောက်ကြီးမြို့နယ်၊ လက်ပတ်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို KNLA နဲ့ PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ရာမှာ အလားတူ အောင်ပွဲ ရရှိခဲ့ပါသေးတယ်။