ပလမြို့ကို စစ်တပ်က စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အခြားသံဃာ ၁ ပါး ဒဏ်ရာ အပြင်းအထန်ရ
ရန်ကုန်၊ ဇူလိုင် ၂၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်တပ်က စစ်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အခြားသံဃာ ၁ ပါး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်မှစတင်ပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ လူနေအိမ်များနှင့် သိမ်၀ ဘုန်းကြီးကျောင်း ထိမှန်ခဲ့ပြီး သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ အခြားသံဃာ ၁ ပါးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တိုက်လေယာဉ်နဲ့ မနက်ကနေ ညနေအထိ တောက်လျှောက် ဗုံးကျဲတာ။ သိမ်၀ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပေါက်ကွဲတယ်။ သံဃာတော် ၁ ပါးကတော့ နေရာမှာတင်ပွဲချင်းပြီး ပျံလွန်တော်မူတယ်။ အခြား သံဃာ ၁ ပါးကလည်း စိုးရိမ်ရတယ်။ ဗုံးစတွေ ထိမှန်ပြီး အောက်ပိုင်းတစ်ခုလုံးရစရာမရှိတော့ဘူး” ဟု ပလမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ပုလောမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော်လည်း စစ်ကောင်စီက တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသော နေရာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာရှိ နေအိမ် ၁ လုံးပေါ်သို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တနိုင်းဒေသရှိ KIAတပ်စခန်းတစ်ခု လက်လွှတ်ရ
ဇူလိုင်-၂၆၊ ၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်ရင်း စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
KIA တပ်မဟာ(၂)လက်အောက်ရှိ တပ်ရင်း(၂၀) အူလွယ်ဘိုင်ဘွမ်(Uloi Bai Bum) စခန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဝါရာဇွပ်ပြည်သူ့စစ်က ယနေ့ (ဇူလိုင် ၂၆ရက်)တွင် ထုတ်ပြန်ထားသည်။
KIA တပ်ရင်း(၂၀) တပ်စခန်းကို ဝါရာဇွပ်ပြည်သူ့စစ်၊ လီဆူပြည်သူ့စစ်၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု အသိပေးပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု ဖော်ပြထားသည်။
ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း KIA၏ တပ်ရင်းအဆင့်စခန်း အသိမ်းခံရသည်ဟု အတည်ပြုသည်။
“တကယ်တော့ ရင်း(၂၀)က လှုပ်ရှားတပ်ရင်းပါ။ အဲဒီမှာ အင်အားအများကြီး မရှိဘူး။ တခြားကို စစ်ကူသွားနေတဲ့အချိန် အင်အားမရှိချိန် ဒီကောင်တွေ သာလွန်အင်အားနဲ့ မြေပြင်တပ် ၊ ဒရုန်းတပ် လက်နက်ကြီး ပစ်ကူတွေနဲ့ သိမ်းသွားတာ။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA တပ်ရင်း(၂၀)တွင် လက်ကျန် တပ်ဖွဲ့ဝင် ၁၀ဦးခန့်သာရှိနေချိန် မင်းဇေသန့်အဖွဲ့၊ စစ်ကောင်စီတပ်၊ လီဆူပြည်သူ့စစ်၊ ရှမ်းနီ ပြည်သူ့စစ်နှင့် အခြားပြည်သူ့စစ်များ ပူးပေါင်း ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ပြည်သူ့စစ်များကို မက်လုံးပေး ၊လက်နက်ခဲယမ်း တပ်ဆင်ပေးပြီး ၀ိုင်းမော်နှင့် ဖားကန့်ဒေသ၌လည်း စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
KIA သတင်းပြန်ကြားရေးဌာနကလည်း Uloi Bai Bum တပ်စခန်း၌ တိုက်ပွဲဖြစ်ပွားမှုကို ယနေ့ သတင်းဖော်ပြထားသည်။ အသေးစိတ်အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
(အူလွယ်ဘိုင်ဘွမ်(Uloi Bai Bum) စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရသော စစ်ကောင်စီပူးပေါင်းတပ်များ။ ဓာတ်ပုံ – ဝါရာဇွပ် ပြည်သူ့စစ်)
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴