မြန်မာနိုင်ငံသား လူငယ်မှန်သမျှ ၂ နှစ် အလှည့်ကျ မဖြစ်မနေ စစ်မှုထမ်းရမည့် အမြဲတမ်း ကာကွယ်ရေး စနစ်ကို စစ်ကောင်စီက သတ်မှတ်တော့မည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၆
အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ခြင်း၊ ပယ် ဖျက်ခြင်းနှင့် ရွှေ့ဆိုင်းခွင့်မရှိဘဲ လူငယ်မှန်သမျှ ၂ နှစ် နိုင်ငံတော်ကာကွယ်ရေးတာဝန် အလှည့်ကျ ထမ်းဆောင်ရမည့် အမြဲတမ်းကာကွယ်ရေးစနစ်ကို စစ်ကောင်စီက သတ်မှတ်တော့မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၅ နှစ်တစ်ကြိမ် ရွေးကောက်များ ကျင်းပ၍ လွှတ်တော်နှင့်အစိုးရများ ပေါ်ထွန်းလာသည့်တိုင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အမြဲတမ်း ကျင့်သုံးရမည့် နိုင်ငံတော်ကာ ကွယ်ရေး စနစ်တစ်ခုအဖြစ် အသက်သွင်းရန် စစ်ကောင်စီအတွင်း ဆွေးနွေးမှုများရှိနေကြောင်း၊ ယနေ့ ကမ္ဘာကြီးတစ်ခုလုံးတွင် စစ်အင်အားနှင့် လက်နက်များ အပြိုင်အဆိုင် တပ်ဆင်လာခြင်းနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ယင်းအလှည့်ကျစစ်မှုထမ်းရသည့် စနစ်ကို ရွေးကောက်ပွဲဖြင့် ပေါ်လာသည့် လွှတ်တော်နှင့်အစိုးရများက ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့်ရွှေ့ဆိုင်းခွင့် မရှိသော အမြဲတမ်းဥပဒေ၊ စနစ်အဖြစ် သတ်မှတ်ရန် စစ်ကောင်စီ လိုလားစီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလှည့်ကျ စစ်မှုထမ်းရတဲ့ စနစ်ကို ရွေးကောက်ပွဲပြီးလို့ လွှတ်တော်နဲ့ အစိုးရသစ်တွေ ပေါ်လာလည်း ဒါကို ဆက်ပြီး လုပ်ဖို့။ စစ်မှုထမ်းဥပဒေကို ပြင်ဆင်တာ၊ ပယ်ဖျက်တာ ရွှေ့ဆိုင်းတာတွေ မလုပ်နိုင်အောင် ဆွေးနွေးမှုတွေရှိနေတယ်။ အမြဲတမ်းစနစ်တစ်ခုအဖြစ် သတ်မှတ်ချင်တယ်။ လူငယ်မှန်သမျှ ၂ နှစ် မဖြစ်မနေ စစ်မှုထမ်းရတော့မယ့် စနစ်က အမြဲတမ်း အသက်သွင်းထားမယ့် အခြေအနေ ဖြစ်လာတော့မယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ပြည်ပသို့ G to G ပညာတော်နှင့် အလုပ်အကိုင်များစေလွှတ်ခြင်း၊ အစိုးရအရာရှိနှင့်ဝန်ထမ်း အလုပ် အကိုင်များ၊ အဆင့်မြင့်ပညာဆုများ ပေးအပ်ခြင်း အပါအဝင် အခွင့်အရေးနှင့် မက်လုံးများကိုလည်း ချိတ်ဆက် ဖော်ဆောင်ကာ စစ်မှုထမ်း၂ နှစ်ထမ်းဆောင်ပြီးသူများကို ဦးစားပေးသော စနစ်ကိုလည်း စစ်ကောင်စီက စိတ်ဝင်တစား လေ့လာနေကြောင်း သိရှိရသည်။
စစ်အာဏာရှင် သန်းရွှေ ပြဋ္ဌာန်းထားခဲ့သော စစ်မှုထမ်းဥပဒေကို မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလတွင် စတင်ကျင့် သုံးကာ ယခု ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စစ်မှုထမ်းအပတ်စဉ် ၁၅ အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်း ၂ နှစ် စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုး သမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ပြဋ္ဌာန်း သတ်မှတ်ထားသည်။