စစ်တပ်ဘက်တော်သား မြန်မာခရိုနီနှင့် လက်နက်ပွဲစား ၄ ဦးကို စီးပွားရေးပိတ်ဆို့မှုမှ ဖယ်ရှားပေးခြင်းမှာ မင်းအောင်လှိုင်၏ သမ္မတထရမ့်ထံသို့ ပေးပို့သည့်စာနှင့် ပတ်သက်မှု မရှိဟု အမေရိကန် ပြော
ရန်ကုန်၊ ဇူလိုင် ၂၆
မြန်မာစစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီနှင့် လက်နက်ပွဲစား ၄ ဦးကို စီးပွားရေးပိတ်ဆို့မှုမှ ဖယ်ရှားပေးလိုက်ခြင်းမှာ အကြမ်းဖက် မင်းအောင်လှိုင်၏ သမ္မတထရမ့်ထံသို့ ပေးပို့သည့်စာနှင့် ပတ်သက်မှု မရှိဟု အမေရိကန်အစိုးရတာဝန်ရှိသူတချို့က ပြောဆိုကြောင်း ရိုက်တာသတင်းက ပြောဆိုသည်။
အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဒုဝန်ကြီး Michael Faulkender က အထူးသတ်မှတ်ထားသော ပုဂ္ဂလိက ပုဂ္ဂိုလ်များကို စီးပွားရေးပိတ်ဆို့မှု စာရင်းသွင်းခြင်းနှင့် ဖယ်ရှားခြင်းများမှာ လုပ်ထုံးလုပ်နည်းများဖြင့် ပုံမှန်လုပ်ဆောင်လေ့ရှိကြောင်း ပြောဆိုသည်။
အရေးယူပိတ်ဆို့မှုမှ ဖယ်ရှားခြင်းမှာ အကြမ်းဖက် မင်းအောင်လှိုင် ပေးပို့ခဲ့သော စာနှင့် မသက်ဆိုင်ကြောင်း အမေရိကန်သမ္မတထရမ့်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။
“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်ကတည်းက စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီဖယ်ရှားမှု ဆုံးဖြတ်ချက်က စစ်ဗိုလ်ချုပ်ရဲ့ စာနဲ့ ဆက်စပ်မှုမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Anna Kelly ကလည်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကို ပယ်ဖျက်ခြင်းရန် ယမန်နှစ်ကတည်းက စုဆောင်းခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ အကြမ်းဖက် စစ်တပ်ဆက်နွယ်နေသော ခရိုနီစီးပွားရေးသမား၊ လက်နက်ပွဲစားများဖြစ်သည့် ဂျွန်နသန်မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် တင်လတ်မင်းတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားမှုမှ ဖယ်ရှားပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ KT Services & Logistics ကုမ္ပဏီပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီပိုင်ရှင် စစ်တိုင်းအောင်၊ တင်လတ်မင်းတို့ကို စီးပွားရေးပိတ်ဆို့ထားမှုများမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ဒေါ်တင်လတ်မင်းသည် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်သိန်းဝင်းဇော်၏ ဇနီး ဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်သော ခရိုနီ စက်သုံးဆီလုပ်ငန်းရှင်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။
ဂျွန်နသန်မျိုးကျော်သောင်း၊ စစ်တိုင်းအောင်တို့ကို သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် ၂၀၂၂ ခုနှစ် တွင် စီးပွားရေပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ပစ္စည်းများ ဝယ်ယူပေးမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် အရေးယူခြင်းဖြစ်ကြောင်း၊ တင်လတ်မင်းကိုမူ ၂၀၂၄ ခုနှစ်တွင် အရေးယူခဲ့ခြင်းဖြစ်ခဲ့သည်။