မြန်မာအာဏာသိမ်းခေါင်းဆောင်က ထရမ့်ကို ချီးကျူးပြီးနောက် စစ်ကောင်စီ၏ မဟာမိတ်များအပေါ် အမေရိကန်က ပိတ်ဆို့မှုများ ရုပ်သိမ်း
Reuters, 25 July 2025
မြန်မာစစ်ကောင်စီနှင့် နီးစပ်သည့် မဟာမိတ်အချို့အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ Office of Foreign Assets Control ကြေညာချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်၏ အခွန်စည်းကြပ်မှုသတိပေးစာတစ်စောင်ကို တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့မှုများ ဖြေလျှော့ရန် တောင်းဆိုခဲ့သည့်စာတွင် မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးခဲ့ပြီး နှစ်ပတ်အကြာတွင် ယခုကဲ့သို့ ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ KT Services & Logistics နှင့် ၎င်း၏တည်ထောင်သူ မျိုးကျော်သန်း (ဂျွန်သန်း)၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies နှင့် ၎င်း၏ပိုင်ရှင် စစ်တိုင်းအောင် နှင့် အခြားပုဂ္ဂိုလ်တစ်ဦးဖြစ်သူ တင်လတ်မင်း တို့ကို အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
KT Services & Logistics နှင့် ဂျွန်နသန် မျိုးကျော်သန်း တို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် သမ္မတဟောင်းဘိုင်ဒင်အစိုးရလက်ထက်၌ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပြီးသည်။
စစ်တိုင်းအောင်နှင့် အောင်လှိုင်ဦး တို့ကိုလည်း ထိုနှစ်မှာပင် မြန်မာ့ကာကွယ်ရေးကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှုများကြောင့် ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ စစ်အုပ်ချုပ်သူများနှင့် အခြားနီးစပ်သော ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရသည့် တင်လတ်မင်း ကိုမူ ၂၀၂၄ ခုနှစ်တွင် စာရင်း၌ ထည့်သွင်းခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုလိုလုပ်ရပ်အတွက် အကြောင်းပြချက် မရှင်းပြခဲ့ဘဲ အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်း မရှိပေ။
ဇူလိုင် ၁၁ ရက်နေ့တွင် မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ၎င်း၏နိုင်ငံမှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းများအပေါ် ၄၀ ရာခိုင်နှုန်း အခွန်နှုန်းထားလျှော့ချရန် ထရမ့်ထံသို့ စာရေးသားတောင်းဆိုခဲ့ပြီး လိုအပ်ပါက ဝါရှင်တန်သို့ ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
သြဂုတ်လ ၁ ရက်နေ့တွင် အသက်ဝင်မည့် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ ထရမ့်က မြန်မာကို အကြောင်းကြားသည့်စာအပေါ် မင်းအောင်လှိုင်၏ တုံ့ပြန်စာတွင် ၎င်းက ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း အထိ လျှော့ချရန် အဆိုပြုခဲ့ပြီး၊ မြန်မာကလည်း အမေရိကန်သွင်းကုန်များအပေါ် သုညရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း အထိ အခွန်လျှော့ချပေးမည်ဟု ပြောကြားခဲ့သည်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ထရမ့်ကို “နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် သာယာဝပြောမှုကို အဟန့်အတားဖြစ်စေသောကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ခြင်းနှင့် ရုပ်သိမ်းခြင်းတို့အား ပြန်လည်စဉ်းစားပေးရန်” လည်း တောင်းဆိုခဲ့သည်။
