အကြမ်းဖက် စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီနှင့် လက်နက်ပွဲစားများဖြစ်သည့် ဂျွန်နသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် တင်လတ်မင်းတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူထားမှုများမှ ဖယ်ရှား

အကြမ်းဖက် စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီနှင့် လက်နက်ပွဲစားများဖြစ်သည့် ဂျွန်နသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် တင်လတ်မင်းတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူထားမှုများမှ ဖယ်ရှား
ရန်ကုန်၊ ဇူလိုင် ၂၅

အကြမ်းဖက် ဆက်နွယ်နေသော ခရိုနီစီးပွားရေးသမား၊ လက်နက်ပွဲစားများဖြစ်သည့် ဂျွန်နသန်မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် တင်လတ်မင်းတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားမှုမှ ဖယ်ရှားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ KT Services & Logistics ကုမ္ပဏီပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီပိုင်ရှင် စစ်တိုင်းအောင်၊ တင်လတ်မင်းတို့ကို စီးပွားရေးပိတ်ဆို့ထားမှုများမှ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေါ်တင်လတ်မင်းသည် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်သိန်းဝင်းဇော်၏ ဇနီး ဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်သော ခရိုနီ စက်သုံးဆီလုပ်ငန်းရှင်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။
ဂျွန်နသန်မျိုးကျော်သောင်း၊ စစ်တိုင်းအောင်တို့ကို သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် ၂၀၂၂ ခုနှစ် တွင် စီးပွားရေပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ပစ္စည်းများ ဝယ်ယူပေးမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် အရေးယူခြင်းဖြစ်ကြောင်း၊ တင်လတ်မင်းကိုမူ ၂၀၂၄ ခုနှစ်တွင် အရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားခြင်းကို တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။
အဆိုပါ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားခြင်းမှာ အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတထရမ့်ထံသို့ မြှောက်ပင့်ရေးသားထားသော စာကို ရေးသားပေးပို့အပြီး ၂ ပတ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၊ မင်းအောင်လှိုင်က ၎င်း၏ စာတွင် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။

စစ်အုပ်စု၏ လက်နက်ပွဲစားများကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်

စစ်ကောင်စီတပ်အတွက် စစ်လက်နက်ပစ္စည်းတွေဝယ်ယူပေးနေတဲ့ လက်နက်ပွဲစား ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦးနဲ့ ဦးဂျွန်နသန်ကျော်သောင်းတို့နဲ့ သူတို့ရဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာကနေ ပယ်ဖျက်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပိတ်ဆို့ဒဏ်ခတ်ထားတာကနေ ပြန်ရုပ်သိမ်းပေးလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ MCM ကုမ္ပဏီအုပ်စုဝင် MYANMAR CHEMICAL AND MACHINERY ကုမ္ပဏီ၊ SUNTAC ကုမ္ပဏီအုပ်စုဝင် SUNTAC TECHNOLOGIES ကုမ္ပဏီ နဲ့ FUNSAGA ကုမ္ပဏီစတာတွေလည်း ပါဝင်ပါတယ်။

ဦးစစ်တိုင်းအောင်ဟာ စစ်ကောင်စီတပ်အတွက် လက်နက်စက်ရုံတွေ တည်ဆောက်လည်ပတ်ဖို့အတွက်လိုတဲ့ ကုန်ကြမ်းတွေ တင်သွင်းဖို့ စစ်ဘက်ဆိုင်ရာ သွင်းကုန်လိုင်စင်ရထားသူပါ။

သူဟာ ယူကရိန်းနဲ့ တခြားအရှေ့ဥရောပ နိုင်ငံတွေကလက်နက်တွေကို စစ်ကောင်စီအတွက် တင်သွင်းသူဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ Justice for Myanmar တို့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဦးအောင်လှိုင်ဦးဟာ ယူကရိန်းနဲ့ စစ်ကောင်စီပေါင်းပြီး သံချပ်ကာကားတွေ၊ အပေါ့စား တင့်ကားတွေနဲ့ ဟောင်ဝစ်ဇာအမြောက်တွေ ထုတ်ဖို့ စီမံကိန်းအတွက် အရေးပါတဲ့သူဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားသူပါ။

ဦးဂျွန်နသန်ကျော်သောင်းကလည်း စစ်ကောင်စီအတွက် Eurocopter နဲ့ Fokker လေယာဉ်တွေ ဝယ်ဖို့အတွက် ကူညီပေးခဲ့တဲ့သူဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။