ဇူလိုင် ၂၃/၂၀၂၅ (နိုင်ငံတကာ)
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မြန်မာနိုင်ငံသားလေးဦးကို ဒရုန်းဖြင့် အိမ်များကိုစောင့်ကြည့် ထောက်လှမ်းပြီး ပစ္စည်းများခိုးယူမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ထိုင်းမီဒီယာများတွင်ဖော်ပြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းစူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် လပြည့်ညပါတီ (Full-moon Party) ကြောင့် နိုင်ငံခြားသားခရီးသွား အလာများပြီး ခရီးသွားများ၏နေအိမ်အချို့ခိုးယူခံရမှု အကြိမ်ပိုများလာသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားရာမှရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Bangkok post သတင်းတွင် ဖော်ပြထားသည်။
စွပ်စွဲဖမ်းဆီးခံရသူ ၎င်းတို့လေးဦးမှာ သော့မခတ်ထားသည့် နေအိမ်များနှင့် အလွယ်တကူထားရှိသည့်အဖိုးတန်ပစ္စည်းများကို ဒရုန်းများဖြင့် စောင့်ကြည့်၍ ခိုးယူခြင်းဖြစ်ပြီး ၎င်းဒရုန်းမှာလည်း နိုင်ငံခြားသားများထံမှခိုးယူထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာအသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားလေးဦးဖြစ်ပြီး ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်၌ ဇူလိုင် ၂၂ ရက် ညနေ ၅နာရီခွဲခန့်တွင်ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းအပြင်၎င်း မြန်မာနိုင်ငံသား လေးဦးထံမှ စိတ်ကြွဆေးပြား ၆၆ ပြားကိုလည်းဖမ်းဆီးရမိကြောင်း Bangkok post အရ သိရသည်။