မဲဆောက်တွင် ‘ဝီဖာ’ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် သတိပေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲမှာ “ဝီဖာ” အပူပိုင်းမုန်တိုင်း အဖျားခတ်ဝင်ရောက်နိုင်မှာဖြစ်လို့ မဲဆောက်မြို့ပေါ်ရပ်ကွက်တွေမှာ ထိုင်းအာဏာပိုင်တွေက အစည်းအဝေးကျင်းပပြီး မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ဖို့ သတိပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစည်းအဝေး တတ်ရောက်ခဲ့သူတွေဆီက သိရပါတယ်။

ဝီဖာ အပူပိုင်းမုန်တိုင်း အဖျားခတ် ဝင်ရောက်နိုင်တာကြောင့် ပြည်သူတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ခေါ်ယူသတိပေးနေတာလို့ ဆိုပါတယ်။

အစည်းအဝေးတက်ခဲ့တဲ့ ကိုဇေမျိုးက “မုန်တိုင်းဝင်ရင် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်လို့ရအောင် ရပ်ကွက်အလိုက် လုပ်ဆောင်နေတာ။ ကျနော်ကတော့ မယ်ပရပ်ကွက်မှာ အာဏာပိုင်တွေပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တာ။ ဝီဖာ အပူပိုင်းမုန်တိုင်း အဖျားခတ် ဝင်ရောက်နိုင်တာကြောင့် ဒေသအတွင်း နေထိုင်သူတွေကို သတိပေးနှိုးဆော်ဖို့နဲ့ ကြိုတင်ကာကွယ်ဖို့ လုပ်ဆောင်တာ” လို့ ပြောပါတယ်။

အထူးသတိထားရမယ့် ရက်တွေကတော ဇူလိုင် ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်နေ့တွေဖြစ်ပြီး ကြိုတင်အသိပေး အကြောင်းကြားတာလို့ ဆိုပါတယ်။

မဲဆောက်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြုပ်တာတွေ ရှိနေပြီး ဝီဖာအပူပိုင်းမုန်တိုင်းလည်း အဖျားခတ် ဝင်ရောက်လာနိုင်လို့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးကို ထိုင်းအာဏာပိုင်တွေဘက်က အသိပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။