အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဖမ်းထားသည့် ဓားစာခံ ၄ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဖမ်းထားသည့် ဓားစာခံ ၄ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)
ဇူလိုင် ၁၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ထံကနေ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၇ ရက် မနက်ပိုင်းက အရာတော်မြို့နယ် မြေနတ်ရွာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ ညနေပိုင်းမှာ ပြီးဆုံးခဲ့ကာ အထိနာသွားတဲ့ စစ်ကောင်စီတပ်က ငွေတွင်းပျူစခန်းကို ပြန်လည်ဆုတ်ခွာသွားပြီး သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘုတလင် (မြို့နယ် ပကဖ) အဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင်တပ်ရင်း (၂၀) BOB ၊ အရာတော် (မြို့နယ် ပကဖ) အဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ (၆၆) နဲ့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ Galaxy Force ၊ ဓူဝံ၊ ဖီးနစ်နဲ့ ရွှေဘိုခရိုင် အမှတ် ၂၄ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၁ ယောက် နင်းမိုင်းကြောင့် ခြေထောက်ဖြတ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Video-People Defence organization of Budalin