မန္တလေးတိုင်း မြိုနယ် ကိုးခုမှာ ရွေးကောက်ပွဲ သင်တန်းပေးနေပြီး Non CDM တွေကို တက်ခိုင်း၊
မန္တလေးမြို့ပေါ်မှာလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူစာရင်း စစ်အုပ်စုက လိုက်ကောက်နေ၊
ဂျီဂျီ / MFP၊ ဇူလိုင် – ၁၇
မန္တလေးတိုင်းအတွင်းက မြို့နယ် ကိုးခုမှာ စစ်အုပ်စုက သူတို့ရဲ့ လက်အောက်ခံ Non CDM ဝန်ထမ်းတွေ ကို ရွေးကောက်ပွဲအတွက် သင်တန်းတက်ခိုင်းနေတယ်လို ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီနှစ်ကုန်ပိုင်းကနေ နောက်နှစ်ဆန်းပိုင်းအထိ ရွေးကောက်ပွဲ ပြုလုပ်ဖို စီစဉ်ထားပြီး အဲ့ဒီ ရွေးကောက်ပွဲ မှာ မဲစာရွက်နဲ့ မဲပေးတဲ့နည်းကို မသုံးတော့ဘဲ စက်နဲ့ မဲပေးခိုင်းမှာ ဖြစ်ကာ အဲ့ဒီစက် အသုံးပြုနည်း သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးနေတာလို အာဏာသိမ်း စစ်အုပ်စုက သတင်း ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းအတွင်းက မန္တလေးမြို့ပေါ် မြို့နယ်တွေဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ အမရပူရ အပါအဝင် မေမြို့၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ဝမ်းတွင်းနဲ့ မလှိင်မြို့နယ်တွေမှာ Non CDM တွေကို ရွေးကောက်ပွဲအတွက် သင်တန်းတက်ခိုင်းထားတာလို့ ဆိုပါတယ်။
အဲ့ဒီ မန္တလေးတိုင်း ကိုးမြို့နယ်ရှိ စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေထဲက မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေကို သင်တန်းတက်ခိုင်းတာ ဖြစ်ပြီး သင်တန်းတစ်ခုကို နှစ်ရက်ကြာ တက်ရောက်ရတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ သင်တန်းတွေကို ဇူလိုင် ၁ ရက်ကနေ ၃၀ ရက်အထိ ဖွင့်လှစ်မှာ ဖြစ်ပြီး ဇူလိုင် ၁၁ ရက်အထိ ဝန်ထမ်း ၆၈၉၄ ဦး သင်တန်းတက်ရောက်ပြီး ဖြစ်တယ်လို စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းရှိ မြို့နယ်တချိုနဲ့ ကယားပြည်နယ်၊ လွိင်ကော်မြို့မှာလည်း ဇူလိုင် ၁၄ ရက်က စတင်ကာ စစ်အုပ်စု လက်အောက်ခံ Non CDM တွေကို ရွေးကောက်ပွဲ သင်တန်း တက်ခိုင်းထားပြီး တနင်္သာရီ တိုင်းမှာလည်း ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ဖို ပြင်ဆင်နေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
တချိန်တည်းမှာပဲ မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ အပြာယူနီဖောင်းဝတ် ရပ်ရွာလုံခြုံရေး ဆိုသူတွေက တစ်အိမ်တက်ဆင်း အသက် ၁၈နှစ် ပြည့်ပြီးသူတိုင်းရဲ့ စာရင်းတွေ လိုက်လံ ကောက်ယူနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမူ ရှိခဲ့တယ်လို့ စွပ်စွဲအကြောင်းပြကာ အာဏာသိမ်းထားတဲ့ စစ်အုပ်စုက လာမယ့် ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း ရွေးကောက်ပွဲတွေကို အကြိမ်ခွဲပြီး ပြုလုပ်မယ်လို့ ထုတ်ပြောထားပါတယ်။
နိုင်ငံတဝန်းရှိ မြို့နယ် ၃၃၀ အနက် စစ်အုပ်စုက မြို့နယ် ၁၀၀ ကျော်သာ အပြည့်အဝ စိုးမိုးနိုင်တော့ပြီး အဲ့ဒီ သူတို့ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၁၀၀ ကျော်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ကာ အစိတ်သားခေါ် လွှတ်တော်ထဲ ဝင်ရောက်နေရာယူမယ့် စစ်သားတွေနဲ့ ပေါင်းပြီး မည်ကာမတ္တ အစိုးရ ဖွဲ့စည်းဖွယ် ရှိတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
မန္တလေးတိုင်းအတွင်းက စစ်အုပ်စု လက်အောက်ခံ Non CDM တွေကို စစ်အုပ်စုက ရွေးကောက်ပွဲ သင်တန်း တက်ခိုင်းနေစဉ်/Photo – စစ်အုပ်စု
