ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်
ရန်ကုန်၊ ဇူလိုင် ၁၅
ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ(ARNC) ကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။
အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီတွင် ဗဟိုအလုပ်အမှုဆောင် ၄၀ ဦး၊ ဗဟိုကော်မတီဝင် ၆၀ ဦးပါဝင်ပြီး နိုင်ငံတကာမှ ရိုဟင်ဂျာ ခေါင်းဆောင်များ၊ ရိုဟင်ဂျာအုပ်စု ကိုယ်စားလှယ်များ ပါဝင်ကြောင်း၊ ရည်မှန်းချက်အနေဖြင့် ၆ ချက်ပါဝင်ကြောင်း သိရှိရသည်။
ARNC ၏ ရည်မှန်းချက် ၆ ခုတွင် ရိုဟင်ဂျာ တစ်မျိုးသားလုံး၏ နိုင်ငံရေးအသံကို စည်းလုံးညီညွတ်စွာ ကိုယ်စားပြု ဖော်ထုတ်ရန်၊ ရိုဟင်ဂျာတို့၏ အာရ်ကန်ပြည်တွင် ဌာနတိုင်းရင်းသားဖြစ်မှု၊ မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရမှုတို့ကို ပြန်လည် ရယူရန်နှင့် ကာကွယ်ရန်၊ ရိုဟင်ဂျာဒုက္ခသည်များသည် ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ လုံခြုံမှု အာမခံချက်နှင့် နိုင်ငံတကာစောင့်ကြည့်မှုအောက်တွင် ၎င်းတို့၏ ဘိးဘွားပိုင်မြေသို့ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ ဖြင့် အမြန်ဆုံး ပြန်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် တို့ပါဝင်သည်။
ထို့ပြင် ရခိုင်လူထုခေါင်းဆောင်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအင်အားစုများ၊ ရက္ခိုင့်တပ်တော် အပါ အဝင် သက်ဆိုင်အားလုံးနှင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရန် ညှိနှိုင်း ဆွေးနွေးမှုလုပ်ငန်းစဉ်များတွင် ပါဝင်ရန် ၊ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့က ဆောင်ရွက်နေသည့် ရိုဟင်ဂျာ ပပျောက်ရေးနှင့် လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်များကို တုံ့ပြန် တိုက်ဖျက်သွားရန်၊ ကုလသမဂ္ဂ၊ အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၊ အာဆီယံ၊ ဥရောပသမဂ္ဂ အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများတွင် ရိုဟင်ဂျာလူမျိုးများ၏ အခွင့်အရေးအတွက် ကိုယ်စားပြု ပြောဆိုရန် တို့ပါဝင်ကြောင်း သိရှိရသည်။
“ဆိတ်ဆိနေခြင်းနှင့် ဖယ်ထုတ်ခံရခြင်းခေတ်ကုန်ဆုံးပြီ။ ရိုဟင်ဂျာတို့၏ အသံကို ကမ္ဘာက ကြားရမည်” ဆိုသော သတင်းစကားမှာ ARNC ဖွဲ့စည်းစဉ် ခေါင်းဆောင်များ ထုတ်ပြန်သည့် ရဲရင့်ပြတ်သားသော စကားဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။
အာရ်ကန်ပြည်ရှိ လူမျိုးဘာသာမရွး ပြည်သူအားလုံးအတွက် ငြိမ်းချမ်းသော အနာဂတ်တည်ဆောက်ရန် ARNC က အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရိုဟင်ဂျာလူမျိုးများ၏ အခွင့်အရေးများ ပြန်လည်ရယူခြင်းနှင့် ဂုဏ်သိက္ခာ ပြန်လည် ထူထောင်ခြင်း၊ နိုင်ငံရေးကံကြမ္မာကို အသစ်ပြန်လည်ရေးသားခြင်းတို့ဆီ သို့ အချိန်နှင့် တပြေးညီ ညီညွတ်စွာ ခြေလှမ်းထားပြီဖြစ်ကြောင်း ARNC က ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ- စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရိုဟင်ဂျာ ဒုက္ခသည်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
