နောင်ချိုဂုတ်ထိပ်တံတားအနီးထိ စစ်ကောင်စီတပ်များရောက်ရှိလာပြီး စစ်ကြောင်း ၃ ကြောင်းခွဲ၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ဂုတ်ထိပ်တံတားအနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က စစ်ကောင်စီတပ်များ နောင်ချိုမြို့အဝင် ဆိုင်းဘုတ်အနီးထိ ချဉ်းကပ်လာနိုင်ပြီး ကုန်းစံရွာကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ဂုတ်တွင်းကားလမ်းရဲ့ အပေါ်ဘက်တောင်ကြောကို စစ်ကောင်စီက စိုးမိုးနေရာယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ကုန်းစံရွာကိုသိမ်းပြီး ဂုတ်ထိပ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်ရွာရှိ သီပေါမြို့နှင့် ဆက်သွယ်ထားသည့် မန္တလေး-လားရှိုးရထားလမ်းပိုင်း ဂုတ်ထိပ်တံတား တစ်ဖက်ခြမ်းသို့ စစ်ကောင်စီတပ်များ နေရာယူလာကြောင်း သိရသည်။
စစ်ကောင်စီသည် နောင်ချိုကို စစ်မျက်နှာသုံးခုခွဲ၍ ပိတ်ဆို့တိုက်လိုက်လာခြင်းဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။
တပ်မ ၁၁ (အင်းတိုင်)နှင့် တပ်မ ၅၅ (ကလော)စစ် ကြောင်းသည် ကံကြီးမျက်ချင်းနုကျေးရွာမှတစ်ဆင့် နမ့်ဆောင်ဟူး ဒုံးတပ်ရင်း ၆၀၆ မှ မြို့တွင်းသို့စစ် ကြောင်းတစ်ကြောင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၏ တပ်ပျက်များနှင့် စုစည်းထားသည့် တပ်နှင့် တောင်ခမ်းအမြောက်အုပ်စုမှ ဂုတ်ထိပ်သို့တစ်ကြောင်း၊ စကခ ၁၂ (ကော့ကရိတ်)၏တပ်များဖြင့် ရှေ့တိုးလာသည့် ကျောက်ကြမ်းကွေ့ စစ်ကြောင်းတို့ဖြင့် စစ်ကောင်စီက နောင်ချို့မြို့အတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ယခုဂုတ်ထိပ်သို့ ရောက်ရှိလာသည့်စစ်ကြောင်းသည် ရမခတပ်ပျက်များနှင့် တောင်ခမ်းအမြောက်အုပ်စုတို့ စုစည်းထားခြင်းဖြစ်ပြီး နောင်လင်တွင်စစ်ကြောင်းထိုင်ကာ ရွှေပြည်ညွန့်မှတစ်ဆင့် ဂုတ်ထိပ်သို့တိုးလာခြင်းဖြစ်သည်။
စစ်ကောင်စီက စစ်အင်အား ၇၀၀၀ ခန့်ဖြင့် သာလွန်အင်အားသုံးကာ လက်နက်ကြီးပစ်အား လေကြောင်း အဓိကသုံး၍ ဒရုန်းများဖြင့်စုဖွဲ့၍ တိုက်စစ်ဆင်လာခြင်းဖြစ်သည်။
နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတပ်၊ ကျောက်ပြုတ်၊ နားမုံနှင့် ရေမောင်းတန်းရွာများဘက်တွင်လည်း နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်ကူနှင့်ပစ်ကူများ ဆက်တိုက်ပေးနေကြောင်း သိရသည်။
ဓာတ်ပုံ-TNLA
နောင်ချိုမြို့ထဲ စစ်တပ်ပြန်ဝင်လာတယ်လို့
ဒေသခံတွေပြော
ဇူလိုင်-၁၃၊၂၀၂၅။/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အတွင်းကို စစ်ကောင်စီတပ်တွေ ဒီကနေ့(ဇူလိုင်၁၃ရက်)
မှာ စတင်ဝင်ရောက်နေပြီး မြို့အတွင်း မီးရှို့ဖျက်
ဆီးမှုတွေလည်းရှိနေလို့ ရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
နောင်ချိုမြို့နဲ့ မိုင်(၂၀)ခန့်ကွာဝေးတဲ့ တောင်းခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့(ဇူလိုင် ၁၃ရက်) ညနေပိုင်းမှာ မြို့တောင်ဘက်ကနေ မြို့အတွင်းကို စတင်ရောက်
လာခဲ့တာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ နောင်ချိုမြို့အတွင်းဝင်ရောက်ချိန်မှာ မြို့ရှိ ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့ကို လူတစ်စုက လိုက်လံမီးရှို့နေတယ်လို့ မြို့ပေါ်မှာအခြေအနေရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
” မီးလိုက်ရှို့နေတဲ့ လူတစ်စုလည်း ရှိနေတယ်။ ပလောင်တွေ(TNLA)တွေလည်း မြို့ပေါ်မှာတော့ ရှိသေးတယ်ပြောတယ်။ ရှုပ်ထွေးနေတော့ သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်”လို့ နောင်ချိုမြို့ခံ တစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့ခံတစ်ဦးကလည်း” ပြန်ပေးချင်တဲ့ ပုံစံမျိုးဆိုတာ သိသာလွန်းပါတယ်။ ဒီအတိုင်းကြီး စစ်
ဆင်လာတာကို ပြန်ထိုးစစ်ဆင်တယ်ဆိုတာမရှိဘူး။ ပြင်ဆင်ထားတာလည်း မရှိတဲ့ ပုံစံမျိုးဘဲ”လို့ သူရဲ့အမြင်ကို ပြောပါတယ်။
နောင်ချိုမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော်(TNLA)ရဲ့ ဒီကနေ့(ဇူလိုင် ၁၃ရက်) ညပိုင်းထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်က တိုက်ပွဲအကြောင်းကိုသာ ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့နယ်က ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၂)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၅၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်
(TNLA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို နေ့ချင်းသိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ တစ်နှစ်ကျော်မှာဘဲ စစ်ကောင်စီတပ်တွေက နောင်ချိုမြို့ထဲကို ပြန်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
(နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်း ဇူလိုင် ၁၃ရက်တွေ့ရသော စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး။ ဓာတ်ပုံ – စကစ/တယ်လီဂရမ်)