စစ်ကောင်စီ ခလရလောင်းလုံး နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ၏ တပ်ခွဲမှူး အလင်းဝင်ရောက်
ဇူလိုင် ၁၃၊ ၂၀၂၅
တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးတစ်ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေက ထုတ်ပြန်ထားပါတယ်။
အဆိုပါ တပ်ခွဲမှာ လက်ရှိတာဝန်ယူထားရတဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်ဟာ စစ်အုပ်စု လက်ရှိကျင့်သုံးနေတဲ့ စနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းတွေကို လက်မခံနိုင်တော့တဲ့အတွက် ဇူလိုင်လ ၁၃ရက် ဒီနေ့မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
“သူက တပ်ရင်း ၁၀ ထဲကို ဝင်လာတာ။ တစ်ယောက်တည်းပဲ ဝင်လာတာ။ သူက လှုပ်ရှားတပ်ခွဲက တပ်ခွဲမှူးပါ။ သူ့ဘာသာသူ ဆုံးဖြတ်ပြီးဝင်လာတာပေါ့နော်။ လက်နက်တွေတော့ မပါခဲ့ဘူး။ ဘာဆက်လုပ်သွားမလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး” လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကိုပြောပါတယ်။
အထက်ပါ ဗိုလ်ကြီးဇော်ဇော်အောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အလင်းဝင်လာတဲ့ ဗိုလ်ကြီးမြင့်ဆွေဦး (ခ) စောမိုးဇက်နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်လက်အလင်းဝင်ရောက်လာဖို့ ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ပဒိုစောအယ်နားက ဆိုပါတယ်။
သုခစခန်းတာဝန်ခံ စစ်ကြောင်း (၂) စစ်ကြောင်းမှူး ဗိုလ်ကြီးမြင့်ဆွေဦး (ခ) စောမိုးဇက်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင်ထံ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ – အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ ဗိုလ်ကြီး ဇော်ဇော်အောင် (ညာစွန်)