မြန်မာ့အရေး၌ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ကြောင်း အာဆီယံ သဘောတူ

မြန်မာ့အရေး၌ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက သဘောတူပြီး စစ်အစိုးရအား ၎င်းတို့၏ ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် တိုက်တွန်းခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့တွင် ပြောသည်။

ပြည်တွင်းစစ် ပို၍ ပြင်းထန်လာသော အာဆီယ့အဖွဲ့ဝင် မြန်မာနိုင်ငံတွင် ယခုနှစ်၌ စီစဉ်နေသော ရွေးကောက်ပွဲသည် အားကောင်းသော နိုင်ငံရေး အတိုက်အခံများ မပါဝင်ဘဲ စစ်အစိုးရ၏ ကြိုးဆွဲရာ ကိုယ်စားလှယ်များဖြင့် စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်ရန် ကြိုးပမ်းမှုတရပ်သာ ဖြစ်သည်ဟု ဝေဖန်သူများက ပြစ်တင်ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် လအတန်ကြာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာစစ်ကောင်စီ ကိုယ်တိုင် သဘောတူထားသော ငြိမ်းချမ်းရေးအစီအစဉ် “ဘုံသဘောတူညီချက် ငါးရပ်” ကို မြန်မာနိုင်ငံက လိုက်နာရန် မလေးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အာဆီယံအဖွဲ့မှ အဖွဲ့ဝင်နိုင်ငံများက လိုလားလျက် ရှိသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောသည်။

မြန်မာစစ်ကောင်စီက “အကြမ်းဖက်သမားများ” အဖြစ် ၎င်းတို့ ရှုမြင်ထားသော အတိုက်အခံများနှင့် ဆွေးနွေးရန် ဆန္ဒ မရှိခြင်းအားဖြင့် အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အများအားဖြင့် မလိုက်နာဘဲ ပျက်ကွက်လျက် ရှိသည်။ အတိုက်အခံ နိုင်ငံရေးပါတီများမှာ ဖျက်သိမ်းခံရပြီး ယင်းတို့အနက် ကျန်သော ပါတီများမှာလည်း ရွေးကောက်ပွဲ၌ ပိတ်ပင်ခံရခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒမရှိခြင်းများ ရှိနေသည်။

“ရွေးကောက်ပွဲဟာ ဘုံသဘောတူညီချက် ငါးရပ်မှာ မပါဘူး” ဟု မိုဟာမက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပန်း၌ သတင်းထောက်များအား ပြောသည်။ “ရွေးကောက်ပွဲက ခုချိန်မှာ ဦးစားပေး မဟုတ်ဘဲ ဦးစားပေးရမှာက အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး အားလုံး ဝိုင်းဝန်း အဖြေရှာရမှာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့က မြန်မာနိုင်ငံကို အကြံပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ၂၀၂၂ ခုနှစ်မှစကာ အာဆီယံ ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခြင်းမှ ပိတ်ပင်ခံထားရသည်။

အစည်းအဝေးများတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများသာ ကိုယ်စားပြု တက်ရောက်ခွင့်ရသည်။

အာဆီယံအနေဖြင့် အားလုံး ပါဝင်မှု မရှိသော မြန်မာ့ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်းလည်း မိုဟာမက်က ပြောသည်။

“တစိတ်တဒေသ ရွေးကောက်ပွဲမျိုး လုပ်တာဟာ အဓိပ္ပါယ် မရှိဘူး၊ ဒါဟာ ပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ အခြေအနေတွေ ပို ဆိုးဝါးစေမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများအား သေစေနိုင်သော အင်အားသုံး ဖြိုခွင်းခံရပြီးနောက် လျင်မြန်စွာ ပေါ်ထွက်လာသော တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်တပ်များနှင့် တော်လှန်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ရုန်းကန်နေရသည်။

တိုက်ပွဲပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူပေါင်း အနည်းဆုံး ၃ ဒသမ ၅ သန်း ရှိကြောင်း ကုလသမဂ္ဂအရ သိရသည်။

Reuters မှ ASEAN agrees Myanmar election is not a priority, Malaysia says ကို မိုးသဲ ဘာသာပြန်သည်။