စစ်ကောင်စီ၏ မစခ ၉၀၅ မှ ကား ၅ စီးဖြင့် ပို့လိုက်သည့် စစ်ကြောင်းမှာ တိုက်ပွဲအတွင်း ၂၀ ခန့်သေဆုံးပြီး အလောင်းများကို အလုံပိတ်ကားများဖြင့် ပြန်သယ်

စစ်ကောင်စီ၏ မစခ ၉၀၅ မှ ကား ၅ စီးဖြင့် ပို့လိုက်သည့် စစ်ကြောင်းမှာ တိုက်ပွဲအတွင်း ၂၀ ခန့်သေဆုံးပြီး အလောင်းများကို အလုံပိတ်ကားများဖြင့် ပြန်သယ်
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာအနီး ကျေးရွာများတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆုံရွာကို စစ်ကောင်စီ၏ အမှတ်(၉၀၅)အမြောက်စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ အတွင်းမှ စစ်သုံးကားကြီး ငါးစီးဖြင့် အင်အား ၁၀၀ခန့်ကို ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့က ပို့ဆောင်ခဲ့ ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ကန်ပေါက်ရွာကနေတစ်ဆင့် ကျောက်ဆုံကို သွားတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီ့စစ်ကြောင်း က ကန်ပေါက်ရွာထဲဝင်မွှေပြီး ‌တွေ့တဲ့ ရွာသားတွေကို သတ်ဖြတ်တာတွေလုပ်သွား ပါတယ်” ဟု ငဖဲ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ဆုံရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များလည်းရှိကာ သေဆုံးသူများနှင့် ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလုံပိတ်ကား များဖြင့် သယ်ယူ၍ ကန်ပေါက်ရွာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင် ၉ရက်နေ့က ခမောက်တောင်ဘက်မှနေ၍ နတ်ရေကန်ဗျူဟာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့ပြင် ကန်ပေါက်ရွာနှင့် ကျောက်ဆုံရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ခန့်စီဖြင့် အခြေပြုပြီး အင်အားစုဖွဲ့မှုများပြုလုပ်ထားကြောင်း သိရသည်။
#မကွေး #မစခ၉၀၅ #စစ်ကောင်စီ #၂၀ခန့် #သေဆုံးဒဏ်ရာရ #အလုံပိတ်ကား #နောက်တန်းပြန်သယ် #Ayeyarwaddy_Times