စစ်ကောင်စီက ဆုံးရှုံး နယ်မြေများကို ပြန် သိမ်းမည့် ရန်နိုင်မင်း စစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ် ဆင်ရေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်ထိုးစစ်များ အချိန်မရွေးလုပ်ဆောင်နေ ■ စစ်တပ်က ဖျက်အားပြင်း လက်နက်ခဲယမ်းနှင့် ဗုံးများ အသုံးပြုနေ၍ သတိထားရန် လိုအပ်

by

in

စစ်ကောင်စီက ဆုံးရှုံး နယ်မြေများကို ပြန် သိမ်းမည့် ရန်နိုင်မင်း စစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ် ဆင်ရေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်ထိုးစစ်များ အချိန်မရွေးလုပ်ဆောင်နေ
■ စစ်တပ်က ဖျက်အားပြင်း လက်နက်ခဲယမ်းနှင့် ဗုံးများ အသုံးပြုနေ၍ သတိထားရန် လိုအပ်
ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက် စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် ရန်နိုင်မင်း စစ်ဆင်ရေးမှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော စစ်ဆင်ရေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို အချိန်မရွေး လုပ် ဆောင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယခု စက်တင်ဘာလမှ စတင်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ ရန်နိုင်မင်း စစ်ဆင်ရေးသည် ဆုံးရှုံး နယ်မြေများကို အဓိက ပြန်လည် တိုက် ခိုက်သိမ်းပိုက်ရေးနှင့် အကြမ်းဖက် အဖွဲ့ဟု စစ်ကောင်စီက ကြေညာထားသော လက်နက်ကိုင်အဖွဲ့များကို မြေပြင်ပေါ်မှ ပျောက်ကွယ်သွားသည်အထိ ချေမှုန်း နှိမ်နင်းရေး ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆင်ရေးများသည် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အပြောင်းအလဲ နှင့် သက်ဆိုင်မည်မဟုတ်ဘဲ စစ်တပ်၏ ဦးတည်ချက်နှင့် စစ်ဆင်ရေးများဖြစ်၍ ဆုံးရှုံးနယ်မြေများ ပြန်လည် သိမ်းပိုက်ရရှိမှသာလျှင် စစ်ဆင်ရေး အောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။
” ရန်နိုင်မင်း စစ်ဆင်ရေးက ကယားနဲ့ ရှမ်းမြောက်တင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ဆုံးရှုံးနယ်မြေတွေကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ဆင်ရေးဖြစ်တယ်။ ဒီစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဆုံးရှုံးနယ်မြေတွေ ပြန်လည် သိမ်းပိုက်ရေးဖြစ်လို့ တပ်မတော်က ဒီနယ်မြေတွေကို ပြန်လည်ရရှိတဲ့အထိ အချိန်ကာလ အကန့်အသတ်မရှိဘဲ ဖော်ဆောင်ရမယ်လို့ တပ်ချုပ်ရုံးကနေ ညွှန်ကြားချက်ရှိပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လည်း စစ်ဆင်ရေးအနေနဲ့ တပ်မတော်က ဆက်လက် လုပ်ဆောင်မယ့်သဘောဖြစ်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေသော လေကြောင်းတိုက်ခိုက်မှုများသည် ရန်နိုင်မင်း စစ်ဆင်ရေး အမည်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရသော မည်သည့် နယ်မြေတွင်မဆို အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သတိထားသင့်ပြီး စစ်ကောင်စီကလည်း ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်မည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်ဟုဆိုကာ နေ့စဉ်ရက်ဆက် ထည့်သွင်းဖော်ပြနေကြောင်း သိရှိရသည်။
“တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မ ဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် သတိပြုကြရန် လိုအပ်ကြောင်း” ဆိုသည့် မင်းအောင်လှိုင်၏ တောင်ကြီးခရီးစဉ်တွင် ပြောဆိုခဲ့သော စကားကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ဖော်ပြလျက်ရှိကြောင်း သိရှိရသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ရန်နိုင်မင်း စစ်ဆင်ရေးအတွက် ဖျက်အားပြင်း လက်နက်ခဲယမ်းနှင့် ဗုံးများကို အသုံးပြုနိုင်လာ သဖြင့် သတိကြရန် လိုအပ်ကြောင်း ထပ်လောင်း သတိပေးပြောဆိုသည်။