တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
ဇူလိုင် ၉၊ ၂၀၂၅
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၈ ရက် မနေ့က နေ့လယ်ပိုင်းမှာ တောင်ငူမြို့၊ ၄ မိုင်ရှိ စစ်ရှုံးကောင်စီရဲ့ ခလရ ၃၉ ကို တော်လှန်ရေးပူးပေါင်းတပ်က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးစလုံး ရန်သူ့တပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရင်းစခန်းရှိ တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နဲ့ တပ်ရင်း လူပျိုဘားတိုက်တွေ မီးလောင်ပျက်စီးသွားခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်စစ်သည် ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ အရာရှိ ၁ ယောက်နဲ့ အခြားအဆင့်စစ်သည် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိရကြောင်း BWM က ဆိုပါတယ်။
တောင်ငူမြို့၊ ၄ မိုင်မှာ အခြေစိုက်နေတဲ့ စစ်ရှုံးကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း (ခလရ ၃၉) ဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး နယ်မြေအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် အဟန့်အတားဖြစ်နေစေတဲ့ တပ်စခန်းတစ်ခုဖြစ်တာကြောင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ရဲ့ နယ်မြေ စစ်ရေးလိုအပ်ချက်အရ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့နဲ့အတူ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ခလရ ၃၉ ကို တိုက်ခိုက်တဲ့ တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကိုလည်း BWM ပါဝင်တဲ့ ပူးပေါင်းတပ်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – BWM ၏ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့် စစ်ဆင်ရေးတစ်ခု (ပုံဟောင်း)