စစ်ကိုင်းတိုင်းအတွင်းတွင် လွတ်မြောက်ဒေသနှင့် ပြောက်ကျားဒေသဟု နှစ်ခုသာရှိ၏။ မော်လူး၊ ပင်လည်ဘူး၊ ခါမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ အင်းတော် မြို့ ခြောက်မြို့သည် PDF များက ထိန်းချုပ်သိမ်းပိုက်ထားသည့် လွတ်မြောက်ဒေသများဖြစ်၏။ စစ်ကိုင်းတိုင်းအတွင်းရှိ ကျန်မြို့များသည် ပြောက်ကျားဒေသများဖြစ်၏။
ပြောက်ကျားဒေသများတွင် မြို့များကို စစ်တပ်က ထိန်းချုပ်ထားသည် ဆိုသော်လည်း မြို့ဆင်ခြေဖုံး ကျေးလက်ဒေသနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို PDF များက ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အား ပထမ ခြောက်လပတ်အတွင်း ရှော့တိုက်ဒုံးဖြင့် လေးကြိမ်ထက်မနည်း တိုက်ခိုက်ခံရသည်ကို တွေ့ရသကဲ့သို့ စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်ကိုလည်း ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ထားသည်ကို တွေ့ရသည်။ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားနိုင်မှုကို မြင်နိုင်၏။
လွတ်မြောက်ဒေသများကိုလည်း ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း စစ်ကောင်စီက ထိုးစစ်ဆင်နိုင်ခြင်း မရှိပါ။ ပြောက်ကျားဒေသများတွင်သာ ထိုးစစ်ဆင်နိုင်သည်။
ပြောက်ကျားဒေသ စိုးမိုးမှုကိုကြည့်ပါက ဥပမာ ဖောင်းပြင်မြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၄၅ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၄၃ ခုကို PDF များက ထိန်းချုပ်ထားနိုင်၏။ ထီးချိုင့်မြို့နယ်တွင်လည်း မြို့ပတ်ဝန်းကျင် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက် ထိန်းချုပ်ထား၏။ တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံထားသည့် တကောင်း နီကယ်စက်ရုံမှာလည်း PDF ထိန်းချုပ်နယ်မြေ၌ ရှိပါသည်။ ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်သော်လည်း မြို့နယ်တွင်းရှိ ကျေးရွာများကမူ PDF များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာတွင် အင်အား ၁၀၀ ကျော်ရှိ ရဲကင်းစခန်းအား ၂၀၂၅ ခုနှစ်တွင် စခန်းစွန့်ခွာသွားခဲ့သည်ကို တွေ့ရ၏။ ဤသို့ စစ်ကောင်စီစခန်းများ စွန့်လွှတ်ရခြင်း၊ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းတို့ကြောင့် PDF တို့ ထိန်းချုပ်နယ်မြေ ပိုကျယ်လာသည်ကို တွေ့ရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ-ဂန့်ဂေါလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်းများ အားလုံးနှင့် ချင်းတွင်းမြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်း အချို့နေရာများသည် PDF များ၏ ထိန်းချုပ်မှုအောက်တွင် အများစုရှိသည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးသော်လည်း နယ်အနှံ့အပြား ထိုးနိုင်မှု လျော့ကျနေသည်ကို တွေ့ရသကဲ့သို့ စစ်ကောင်စီ၏ ထိုးစစ်ကိုလည်း တုံ့ပြန်နိုင်သည်ကို တွေ့ရသည်။
တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အကျယ်ပြန့်ဆုံး ဖြစ်သကဲ့သို့ တော်လှန်ရေးအင်အားစုများ အားအကောင်းဆုံး ဖြစ်နေဆဲဖြစ်သည်။ စစ်ကိုင်းတိုင်းအနှံ့ ပြောက်ကျားတိုက်ခိုက်မှုများကို နေ့စဉ် နေရာအနှံ့တွင် မြင်နေရ၏။ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း စစ်ကိုင်းတိုင်း၌ တွေ့ရသည့် စစ်ရေးထူးခြားချက်မှာ အင်းတော် မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများ ဖြစ်၏။
တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အကျယ်ပြန့်ဆုံး ဖြစ်သကဲ့သို့ တော်လှန်ရေးအင်အားစုများ အားအကောင်းဆုံး ဖြစ်နေဆဲဖြစ်သည်။ စစ်ကိုင်းတိုင်းအနှံ့ ပြောက်ကျားတိုက်ခိုက်မှုများကို နေ့စဉ် နေရာအနှံ့တွင် မြင်နေရ၏။ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း စစ်ကိုင်းတိုင်း၌ တွေ့ရသည့် စစ်ရေးထူးခြားချက်မှာ အင်းတော် မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများ ဖြစ်၏။
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း အထူးခြားဆုံးတိုက်ပွဲမှာ အင်းတော်မြို့သိမ်းတိုက်ပွဲ ဖြစ်သည်။ အင်းတော်မြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များက အကြိမ်ကြိမ် ထိုးစစ်ဆင်လိုက်၊ ပြန်လည်စုဖွဲ့ရန် အချိန်ယူလိုက်ဖြစ်နေသကဲ့သို့ စစ်ကောင်စီကလည်း ပြန်လည် ထိုးစစ်ဆင်ရန် ကြိုးစားခဲ့သည်ကို တွေ့ရ၏။
အင်းတော်အား ကသာမြို့မှ မြေပြင် စစ်ကူအင်အား ၁၅၀ ခန့် စေလွှတ်သဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် PDF နှင့် KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးပြီး ၄၀ ကျော် အဖမ်းခံရကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့၏။
အင်းတော်မြို့သိမ်း စစ်ဆင်ရေးကို ရှစ်လခန့်အကြာ ဧပြီလ ၇ ရက် ညပိုင်း၌ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ဂျပန်လိုဏ်ဂူကုန်းကို အပြီးသတ် သိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄၀ ကျော်နှင့် ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့၏။ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ခန့်ကို ကသာမြို့နယ်အတွင်း ဖမ်းဆီးရမိထားခဲ့သည်။
အင်းတော်တိုက်ပွဲသည် စစ်ကိုင်းတိုင်းနှင့် PDF များအတွက် ကြီးမားသည့် အောင်မြင်မှုဖြစ်သကဲ့သို့ စစ်ကောင်စီအတွက် တပ်မအဆင့် ခံစစ်တခု ဆုံးရှုံးခြင်းဖြစ်၏။
ဒုတိယ ထူးခြားသည်က ရွှေဘို၊ ဝက်လက်နယ်အတွင်းက ချေမှုန်းရေးတိုက်ပွဲများ ဖြစ်၏။ ချေမှုန်းရေးတိုက်ပွဲများအနက် တခုမှာ အင်အား ၇၇ ဦးပါ စစ်ကြောင်းအား ဇန်နဝါရီလ ၅ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ပိုင်း မှတ်ထိကျေးရွာနှင့် မင်းကုန်းကျေးရွာကြားတွင် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၇၁ ဦးသေဆုံး၊ ခြောက်ဦး ဖမ်းမိကာ လက်နက်များရရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိန်းမကားကျေးရွာ ရဲစခန်းသို့ တောလမ်းမှလာသည့် စစ်ကြောင်းကို အုန္နဲဘုတ်ကျေးရွာ၌ တော်လှန်ရေးတပ်များက ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၂၀ ကျော် သေဆုံး၊ သုံးဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့၏။
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် ကားနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၃ ဦး သေဆုံးပြီး သေနတ်အလက် ၂၀ သိမ်းဆည်းနိုင်ကာ ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က စစ်ကိုင်းမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မ ၃၃ ၏ စစ်ကြောင်းတခုလုံးအား PDF များက တိုက်ခိုက်ခဲ့ရာ ၂၄ လောင်းနှင့် လက်နက် ၂၂ လက် ရရှိခဲ့သည်ဟု သိရ၏။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က စစ်ကိုင်းမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မ ၃၃ ၏ စစ်ကြောင်းတခုလုံးအား PDF များက တိုက်ခိုက်ခဲ့ရာ ၂၄ လောင်းနှင့် လက်နက် ၂၂ လက် ရရှိခဲ့သည်ဟု သိရ၏။
တတိယတွေ့ရသည်မှာ စခန်းသိမ်းတိုက်ပွဲငယ်များ ဖြစ်သည်။ တမူး၏ မြောက်ဘက် မြို့သစ်နှင့် တောင်ဘက် ခါမ်းပါတ်အား PDF တို့က သိမ်းထားပြီးနောက် တမူးမြို့အနီးရှိ ကျွန်းပင်သာနှင့် မင်းသာတို့တွင် တပ်စွဲထားသော စစ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်များက ဇန်နဝါရီလ ၂၇ ရက်မှစတင်၍ ၂၉ ရက်အထိ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်တွင်ရှိသည့် ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ရက်တွင် စတင်ကာ ထိုးစစ်ဆင်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့၏။
ဖေဖော်ဝါရီလ ၁၅ ရက်တွင် မှန်တောရွာနှင့် အောင်သာယာ (ရွာသစ်၊ ရွာဟောင်း) ရှိ စစ်အုပ်စုစခန်း၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကြံတောရွာစခန်းများကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့၏။ သို့ဖြစ်ရာ ကလေးမြို့နယ် တောင်ပိုင်းတွင် နည်းပညာတက္ကသိုလ်ထဲရှိ စစ်စခန်း အပါအဝင် စစ်အုပ်စု စခန်းအနည်းငယ်သာ ကျန်ရှိတော့သည်။
ကလေးမြို့၏ အဓိက ကာကင်းစခန်းတခုဖြစ်သည့် ကြံသာရွာအခြေစိုက် စစ်ကောင်စီစခန်းကို ဧပြီလ ၁၁ ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်က အပြီးသတ် ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့သည်ဟု သိရ၏။ ကြံသာကျေးရွာသို့ ဧပြီလ ၂၇ ရက်က ပြန်လည် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦး သေပြီး လက်နက် ရှစ်လက် သိမ်းရရှိကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်က မုံရွာမြို့နယ်၊ ဗောဓိတထောင်နယ်မြေရှိ စစ်ကောင်စီတပ်စွဲထားသော တာဝါတိုင်ကုန်း ရုပ်သံထပ်လွှင့်ရုံစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်က အရာရှိအဆင့်အချို့ အပါအဝင် ၁၁ ဦး သေဆုံး၊ အချို့ ဖမ်းမိ၊ အချို့ ထွက်ပြေးသွားကြပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့၏။
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက် နံနက်ပိုင်းမှစ၍ တန့်ဆည်မြို့ပေါ်နှင့် တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ မတ်လ ၂၇ ရက်အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
ဇွန်လ ၉ ရက်က PDF, ပကဖ ပူးပေါင်းတပ်များက ရွှေဘိုမြို့နယ်၊ ဆယ်ပင်ကျွန်းရွာရှိ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစခန်းများကို တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး တိုက်ပွဲတွင် ပျူစောထီး တဦး သေဆုံး၊ သုံ့ပန်း ၁၈ ဦးကို လက်ရဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၁၀ လက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့၏။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်ကတည်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့က ဦးဆောင်တိုက်ခိုက်နေပြီး ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု သိရ၏။
တိုက်ပွဲအတွင်း လေယာဉ်တစင်းကို ပစ်ချခဲ့ပြီး ကန်ဒေါင့်အနီး အင်းမထီး ပျူရွာမှတဆင့် ရဟတ်ယာဉ်များနှင့် စစ်ကူရာချီ ပေးပို့ခဲ့သော်လည်း PLA ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ ဖြတ်တောက်ခဲ့ကာ အင်အား ၁၀၀ ကျော်ခန့်ရှိ ကန်ဒေါင့်စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၏။ ကန်ဒေါင့်အား ပြန်လည်ထိုး စစ်ဆင်သည်ကိုလည်း အောင်မြင်စွာ ဟန့်တားနိုင်ဆဲဖြစ်၏။
တိုက်ပွဲအတွင်း လေယာဉ်တစင်းကို ပစ်ချခဲ့ပြီး ကန်ဒေါင့်အနီး အင်းမထီး ပျူရွာမှတဆင့် ရဟတ်ယာဉ်များနှင့် စစ်ကူရာချီ ပေးပို့ခဲ့သော်လည်း PLA ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ ဖြတ်တောက်ခဲ့ကာ အင်အား ၁၀၀ ကျော်ခန့်ရှိ ကန်ဒေါင့်စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၏။ ကန်ဒေါင့်အား ပြန်လည်ထိုး စစ်ဆင်သည်ကိုလည်း အောင်မြင်စွာ ဟန့်တားနိုင်ဆဲဖြစ်၏။
၂၀၂၅ ခုနှစ်၊ မတ်လနှင့် ဇွန်လများက မင်းကွန်းဒေသအား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ပြန်လည် တိုက်ခိုက်ချေမှုန်းနေသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ စစ်ကိုင်းတိုင်းတွင် တခုလုံးအရ တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားစစ်ဖြင့် စစ်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများဖြင့် ပေါင်းစပ်နေသည်ကို တွေ့ရ၏။ စစ်ကောင်စီသည် တတိုင်းလုံးကို ကွက်ပြည့်နင်း၍ ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
သတင်းပေါ်မူတည်၍ စစ်ကြောင်းထိုးကာ အကုန်လု၊ အကုန်ရှို့၊ အကုန်သတ် မူဝါဒကျင့်သုံးခြင်း၊ ဆေးရုံ၊ စာသင်ကျောင်းပါမကျန် ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် အကြောက်တရားနှင့် လူထုကို ခြိမ်းခြောက်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။
၉။ မကွေးတိုင်း
မကွေးတိုင်းသည်လည်း PDF အားကောင်းသည့်တိုင်း ဖြစ်၏။ မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ခြမ်း မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့် သရက်ခရိုင်အတွင်းရှိ သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်တို့တွင် ပြောက်ကျားလှုပ်ရှားမှုများ ကောင်း၏။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကပ်နေသော ဂန့်ဂေါခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့အတွင်း မြို့များနှင့် ပျူစောထီးရွာအချို့မှအပ ကျေးလက်ဒေသအား တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်၏။ ထို့အတူ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ရေစကြိုတို့တွင်လည်း မြို့များမှအပ ကျေးလက်ဒေသအား ပြောက်ကျားတပ်ဖွဲ့များက ထိန်းကြောင်းထားနိုင်၏။ သရက်ခရိုင်တောင်ပိုင်းတွင်မူ ပြောက်ကျားလှုပ်ရှားမှု အတန်ငယ် အားနည်းသည်ကို တွေ့ရသည်။
ဧရာဝတီအရှေ့ခြမ်း မကွေးခရိုင်အတွင်းရှိ မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်၊ ချောက်ခရိုင်အတွင်းရှိ ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်၊ အောင်လံခရိုင်အတွင်းရှိ အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်တို့တွင် ပြောက်ကျားလှုပ်ရှားမှု အားနည်းသည်။ သို့သော် တောင်တွင်းကြီး၊ နတ်မောက်၊ ဆင်ပေါင်ဝဲ၊ ရေနံချောင်းမြို့နယ်များတွင် ပြောက်ကျားလှုပ်ရှားများ တွေ့ရ၏။
မကွေးတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲအချို့ ရှိသော် စစ်ကိုင်းတိုင်းလောက် မများပေ။ မကွေးတိုင်းအတွင်း စစ်ကြောင်းလိုက် ချေမှုန်းရေးတိုက်ပွဲ မတွေ့ရသေးဘဲ လှုပ်ရှားစစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ဖြတ်တောက် တိုက်ခိုက်ခြင်းများကို စတင်တွေ့ရ၏။ မကွေးတိုင်းတခုလုံးအရ လမ်းကြောင်းမိုင်းထောင်ခြင်း၊ ချောင်းမြောင်း စောင့်ဆိုင်းပစ်ခတ်ခြင်း စသည့် ပြောက်ကျားတိုက်ခိုက်ခြင်းကို အများဆုံးပြုလုပ်ကြသည်။
တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့များသည် မကွေးတိုင်းအတွင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ထိန်းချုပ်ထားနိုင်သည်။ မုံရွာ-ပုသိမ်လမ်းအား စစ်ကောင်စီ အသုံးပြုနိုင်ခြင်း မရှိသကဲ့သို့ ပခုက္ကူ၊ ကမ္မ၊ ပေါက်၊ ကျောမြို့ စသည့် လမ်းကြောင်း ရိက္ခာ၊ လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းသည့် ယာဉ်တန်းများသည် ၁၀ မိုင်ခန့်ကို ၁၀ ရက်နှင့် မရောက်ဘဲ တလမ်းလုံး လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်ပြီး တဖြည်းဖြည်းချင်း ချီတက်နေရ၏။
တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့များသည် မကွေးတိုင်းအတွင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ထိန်းချုပ်ထားနိုင်သည်။ မုံရွာ-ပုသိမ်လမ်းအား စစ်ကောင်စီ အသုံးပြုနိုင်ခြင်း မရှိသကဲ့သို့ ပခုက္ကူ၊ ကမ္မ၊ ပေါက်၊ ကျောမြို့ စသည့် လမ်းကြောင်း ရိက္ခာ၊ လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းသည့် ယာဉ်တန်းများသည် ၁၀ မိုင်ခန့်ကို ၁၀ ရက်နှင့် မရောက်ဘဲ တလမ်းလုံး လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်ပြီး တဖြည်းဖြည်းချင်း ချီတက်နေရ၏။
မကွေးတိုင်းစစ်မျက်နှာ၏ ထူးခြားချက်မှ ပထမအချက်အနေဖြင့် အာရက္ခတပ်တော် (AA) က အမ်းမြို့အား သိမ်းပြီးနောက် PDF, ပကဖ၊ နွေဦးအင်အားစုများနှင့် ပူးပေါင်း၍ အမ်း-ပဒါန်း ကားလမ်းအတိုင်း နတ်ရေကန်စစ်မျက်နှာ ဖွင့်လှစ်လာခြင်းဖြစ်၏။
ဒုတိယအချက်မှာ ထို အမ်း-ပဒါန်းလမ်းအား ဖြတ်တောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တတိယအချက်မှာ မကွေးတိုင်းအတွင်းရှိ ဝါဇီငွေစက္ကူစက်ရုံနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များအား တိုက်ခိုက်ခြင်းဖြစ်သည်။
နတ်ရေကန် စစ်မျက်နှာ
အမ်း-မင်းဘူးကြား တောင်ဇောက်ရွာရှိ တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံနှင့် အမြောက်တပ်စခန်းကို ဒီဇင်ဘာလ ၂၂ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၅ ရက်ခန့်တွင် AA က သိမ်းပိုက်ခဲ့၏။ ထို့နောက် ဆက်လက် ထိုးစစ်ဆင်ပြီး အမ်း-ပဒါန်း ကားလမ်းပေါ်ရှိ ကမြင်းကန် (ကံမြင့်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းတို့ရှိ စစ်ကောင်စီတပ်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်ခန့်တွင် ချေမှုန်းနိုင်ခဲ့၏။
ဆုတ်ခွာလာသည့် တပ်မ ၉၉ တပ်များသည် မင်းဘူး၊ ပဒါန်း ခံစစ်အတွက် အရေးပါသည့် နတ်ရေကန် ဗျူဟာကုန်း၊ ဂုတ်စီးရိုးကျေးရွာ၊ ဂုတ်ကြီးဒေသတွင် ခုခံသော်လည်း ဇန်နဝါရီလ ၂၄ ရက်မှစပြီး AA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က စတင် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရပြီးနောက် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် AA ထံ တပ်မ ၉၉ ဗျူဟာမှူးနှင့် အင်အား ၂၀ ခန့် လက်နက်ချခဲ့သည်။
AA က ဆက်လက် ထိုးစစ်ဆင်ခဲ့ပြီး နတ်ရေကန်တောင်ကြောပေါ်ရှိ MPT တာဝါတိုင်ကုန်း ဘေးပတ်ဝန်းကျင်မှ ကာကင်းစခန်းအားလုံးကို မေလ ၂၉ ရက်တွင်လည်းကောင်း၊ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား ဇွန်လ ၃ ရက်နေ့တွင်လည်းကောင်း သိမ်းပိုက်နိုင်ခဲ့၏။
နတ်ရေကန် MPT တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက အင်အား ၂၀၀ ခန့်နှင့် ဇွန်လ ၈ ရက်၊ ဇွန်လ ၁၁ ရက်၊ ဇွန်လ ၁၂ ရက်တို့တွင် အကြိမ်ကြိမ် ပြန်လည် ထိုးစစ်ဆင်သော်လည်း အကျအဆုံးများစွာနှင့် ဆုတ်ခွာသွားရသည်။ ယခုအခါ နတ်ရေကန်ဗျူဟာကုန်း (ခေါ်) လေကြောင်းရန် ကာကွယ်ရေးစခန်း၌သာ တပ်မ ၉၉ တပ်မမှူးအသစ်နှင့် စစ်ကောင်စီတပ်များ ခံစစ်ပြင်နေသည်
အဆိုပါ နတ်ရေကန် MPT တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက အင်အား ၂၀၀ ခန့်နှင့် ဇွန်လ ၈ ရက်၊ ဇွန်လ ၁၁ ရက်၊ ဇွန်လ ၁၂ ရက်တို့တွင် အကြိမ်ကြိမ် ပြန်လည် ထိုးစစ်ဆင်သော်လည်း အကျအဆုံးများစွာနှင့် ဆုတ်ခွာသွားရသည်။ ယခုအခါ နတ်ရေကန်ဗျူဟာကုန်း (ခေါ်) လေကြောင်းရန် ကာကွယ်ရေးစခန်း၌သာ တပ်မ ၉၉ တပ်မမှူးအသစ်နှင့် စစ်ကောင်စီတပ်များ ခံစစ်ပြင်နေသည်ဟု ဆိုပါသည်။
အမ်း-ပဒါန်း လမ်းဖြတ်တိုက်ပွဲများ
အမ်း-ပဒါန်းလမ်းပိုင်း နတ်ရေကန်တဝိုက်တွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေစဉ် ထိုလမ်းပိုင်းကို အသုံးပြု၍ ချီတက် ထောက်ပို့နေသော၊ ရှေ့တန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF, ပကဖများ၊ CDF အရှို၊ PRA မကွေး၊ PIO/PIA နှင့် SAF စသည့် နွေဦးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက် ချေမှုန်းပြီး အောင်မြင်မှုများ ရနေသည်ကို တွေ့ရ၏။ ၎င်းတို့၏ ထုတ်ပြန်ချက်များအရ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း စစ်ကောင်စီတပ်မှ ၁၅၀ ခန့်သေ၊ ၂၀၀ ရာခန့် ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၁၀၀ ကျော်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
ကပစ စက်ရုံများ
မကွေးတိုင်းရှိ ကပစ ၂၁ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ရှစ်လုံးဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဝါဇီစက်ရုံနှင့် ယင်းစက်ရုံပတ်ဝန်းကျင်ရှိ စစ်တပ်ဂိတ်စခန်းများအား ဇန်နဝါရီလ ၁၉ ရက်နေ့၊ ကပစ ၁၃ ကို ဧပြီလ ၂၅ ရက်နေ့ အသီးသီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
နတ်ရေကန်သို့ AA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်လာပြီး ခြိမ်းခြောက်လာသဖြင့် စစ်ကောင်စီသည် ၂၀၂၅ ပထမ ခြောက်လပတ်အတွင်း မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ ကပစ ၂၊ ကသစ ၁၀၊ ကပစ ၁၃ ကို ကာကွယ်ရန် စစ်အင်အား တိုးမြှင့်နေသကဲ့သို့ ဆိပ်ဖြူ ကပစ ၂၂ က တိုက်ခိုက်မခံရရေး ဘေးပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း တွေ့ရ၏။
တဖက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကပစများမှ ပစ္စည်းများ သယ်ဆောင်လာသော စစ်ယာဉ်တန်းများကို ဖြတ်တောက် တိုက်ခိုက်ခြင်း၊ ကပစ စက်ရုံများကို မီးပေးသည့် ထရန်စဖော်မာများကို တိုက်ခိုက်ဖျက်ဆီးခြင်းများ တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်။)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)