စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်အချင်းချင်း အာဏာလုပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်အချင်းချင်း အာဏာလုပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး
ဇူလိုင်-၈၊ ၂၀၂၅။ ကဖေး/People’s Spring

ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်တို့ တပ်ဖွဲ့အကြီးအကဲရာထူးလုရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။
ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာရှိ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ခန်းမ၌ ယနေ့ ညနေ ၄နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဂွေထုဌာနေပြည်သူ့စစ်ဥက္ကဋ္ဌ ဦးလဆန်အောင်ဝါ သေဆုံးသွားပြီးတဲ့နောက် အဖွဲ့ခေါင်းဆောင်နေရာလုကြတာ။ ခဏခဏ အချင်းများတယ်။ ဒီညနေကျတော့ ဘယ်သူက ဘယ်သူ့ကိုအရင်ပစ်တယ်မသိဘူး။ တစ်ယောက်သေသွားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
ဂွေထုဌာနေပြည့်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးနော်လီနှင့် ဒု-ခေါင်းဆောင်ဦးအောင်ဂမ်တို့သည် အစည်းအဝေးကျင်းပနေစဉ် စကားများပြီး အချင်းချင်းပစ်ခတ်ခြင်းဟု ဆိုသည်။ သေဆုံးသူမှာ ဒု-ခေါင်းဆောင် ဦးအောင်ဂမ်ဖြစ်ပြီး အသက် ၆၀ကျော်အရွယ်ဖြစ်နေပြီဟု သိရသည်။ ၎င်းသည် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးဟောင်းဖြစ်ပြီး ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ဦးလဆန်အောင်ဝါသည် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ ထောက်လှမ်းရေးနှင့် အမျိုးသားလုံခြုံရေးဌာန တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်၌ KIA မှခွဲထွက်ကာ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီက ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ထားသည်။ အသက် ၈၀အရွယ် ဦးလဆန်အောင်ဝါသည် ယမန်နှစ် ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်တွင် လူကြီးရောဂါဖြင့်သေဆုံးခဲ့ပြီးနောက် ၎င်း၏လက်အောက်ခံများက ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်နေရာက်ို လုနေကြခြင်းဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
၎င်းက ” အခုခေါင်းဆောင်ဦးနော်လီကလည်း ကချင်အစစ်မဟုတ်ဘူး။ တရုတ်စပ်တယ်။ သူက မန္တလေးမှာ လောင်းကစားအကြီးအကျယ်လုပ်တယ်”ဟု ပြောသည်။
ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့သည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် အဓိကလှုပ်ရှားပြီး စစ်ကောင်စီလက်အောက်ခံအဖြစ် ရပ်တည်နေသည့်အဖွဲ့ဖြစ်သည်။
(သေဆုံးခဲ့သူ ဂွေထုဌာနေပြည့်သူ့စစ်အဖွဲ့ ဒု-ခေါင်းဆောင် ဦးဂမ်အောင်)