နောင်ချိုတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဟု TNLA အသိပေး ▪️အမတ (၃၅၄)တပ်နှင့် မစခ(၉၀၂)တပ်နေရာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ လေထီးဖြင့်ဖြည့်တင်းဟုဆို

by

in

နောင်ချိုတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဟု TNLA အသိပေး
▪️အမတ (၃၅၄)တပ်နှင့် မစခ(၉၀၂)တပ်နေရာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ လေထီးဖြင့်ဖြည့်တင်းဟုဆို
ဟန်နွေ/People’s Spring
တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၌ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLAက သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၇၅ရက်မြောက် စစ်ရေးသတင်းဖော်ပြရာ နောင်ချိုမြို့နယ် နေရာ ၄ခု၌ တိုက်ပွဲဖြစ်နေကြောင်း အသိပေးသည်။ နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေကျေးရွာနှင့် စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းတို့၌ တိုက်ပွဲဖြစ်နေသည်ဟု ဖော်ပြသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင် ခမ်းရွာရှိ စစ်ကောင်စီ​၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နေရာတွင် Y12ဖြင့် (၇)ကြိမ် ဗုံး(၃၈)လုံးကြဲချတိုက်ခိုက်သလို မကျီးရေကျေးရွာတွင် Jet Fighter ဖြင့်(၂)ကြိမ်၊ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းနေရာတွင် Y12ဖြင့်(၁၂)ကြိမ် ဗုံး(၆၀)လုံးလာရောက်ကြဲချခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။
ထို့အပြင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y12 ဖြင့် လက်နက်ခဲယမ်းများ (၈၃)ထုပ်လာရောက်ကြဲချခဲ့ကြောင်း ဖော်ပြသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမ(၄၀၆)တို့တည်ရှိပြီး လက်ရှိတွင် မစခ-၉၀၂၌ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။
တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ရင်း (၂)ခု ဖြစ်သည့် အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဟု တအာင်းတပ်မတော်(TNLA)က သြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
တောင်ခမ်းကို TNLAက ဝိုင်းရံပိတ်ဆိုတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီအနေဖြင့်မြေပြင်မှ စစ်ကူစစ်အင်အား ခဲယမ်းဖြည့်တင်းနိုင်မှုမရှိ၍ လေကြောင်းအကူ ရယူနေရခြင်းဖြစ်သည်။
TNLA အနေဖြင့် ဩဂုတ် ၂၈ရက်တွင် အမတ (၂၀၆) တပ်စခန်းနှင့် အမတ(၄၀၆) တပ်စခန်းများကို သိမ်းပိုက်ပြီး လက်ကျန်တပ်များ အပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
တရုတ်နိုင်ငံက ဩဂုတ် ၂၉ရက်နေ့စွဲဖြင့်TNLA ထံ စာပို့ပြီးတိုက်ပွဲ ချက်ချင်းရပ်ရန်နှင့် မရပ်ပါက ဆုံးမသွန်သင်မည်ဟု ခြိမ်းခြောက်ထားသော်လည်းတောင်ခမ်း၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။
TNLA၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။