တရုတ်သည် အိမ်နီးချင်းကောင်းမဟုတ်ဟု ISP စစ်တမ်း ဖော်ပြ

by

in

တရုတ်သည် အိမ်နီးချင်းကောင်းမဟုတ်ဟု ISP စစ်တမ်း ဖော်ပြ
ဂျူချန်း
မဇ္ဈိမ။ ။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အိမ်နီးချင်းကောင်းမဟုတ်ဟု ယူဆသူ ၆၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ၏ စစ်တမ်းတခုတွင် ဖော်ပြသည်။
ဇွန်လ ၃၀ ရက်နေ့ထုတ် ၂၀၂၄ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်းတွင် ကောက်ယူရရှိထားသည့်အချက်အလက်၌ ဖော်ပြထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းမဟုတ်ဟု ယူဆသူ ၅၀ ရာခိုင်နှုန်းရှိပြီး လုံးဝမကောင်းဟုယူဆသူ ၁၈ ရာခိုင်နှုန်းရှိကာ ၂၉ ရာခိုင်နှုန်းမှာ ကောင်းသည်ဟု ဖြေဆိုထားပြီး ၁ ရာခိုင်နှုန်းက အလွန်ကောင်းပါသည် ဟု ဖြေဆိုထား သည်။
စစ်တမ်းကောက်ယူရာတွင် အရပ်ဘက်အဖွဲ့အစည်းမှ ၁၀၅ ဦး၊ နိုင်ငံရေးနယ်ပယ်မှ ၁၆ ဦး၊ စီးပွားရေး အသင်းဖွဲ့မှ ၄၂ ဦး၊ ထင်ရှားကျော်ကြားသူများမှ ၆၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၅ ဦး၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၆ ဦး၊ စုစုပေါင်း ၂၆၀ ဦးတို့ကို စနစ်တကျတွေ့ဆုံ မေးမြန်းခဲ့ကြောင်း ဖော်ပြထား သည်။
ထို ဖြေဆိုသူများအနက် EAOs ၅၃ ရာခိုင်နှုန်း၊ PDF/LDF ၆၃ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်း ၈၃ ရာ ခိုင်နှုန်း၊ ထင်ရှားကျော်ကြားသူ ၇၃ ရာခိုင်နှုန်းတို့က အိမ်နီးချင်းကောင်းမဟုတ်ဟု ဖြေဆိုကြပြီး နိုင်ငံရေး အသိုက်အဝန်း၏ ၆၃ ရာခိုင်နှုန်းနှင့် စီးပွားရေးအသိုက်အဝန်း ၆၀ ရာခိုင်နှုန်းတို့က အိမ်နီးချင်းကောင်းဟု ဖြေဆိုကြောင်း စစ်တမ်းအရ သိရသည်။
ISP Myanmar ၏ကောက်ယူထားသည့် စစ်တမ်းအရ တရုတ်သည် မြန်မာအတွက် အိမ်နီးချင်းကောင်း မဟုတ်ဟုယူဆသူသည် ၂၀၂၃ ခုနှစ်စစ်တမ်းထက် ၁၄ ရာခိုင်နှုန်း၊၂၀၂၂ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်း ပိုတိုး လာသည်ဟု သိရသည်။
ထို့ပြင် အာဏာသိမ်းမှုအလွန် တရုတ်နိုင်ငံအပေါ် သဘောထားအမြင်ကိုမေးမြန်းရာတွင်လည်း ဖြေဆိုသူ ၇၅ ရာခိုင် နှုန်းသည် ပိုပြီးအဆိုးမြင်လာသည်ဟုဖြေဆိုကြပြီး ၁၁ ရာခိုင်နှုန်းသာ ပိုပြီးအကောင်းမြင် ကြောင်းဖြေဆိုထားသည်။ ကျန် ၁၅ ရာခိုင်နှုန်းမှာ မသိကြောင်းနှင့် ဖြေဆိုရန်ငြင်းဆန်ထားသည်။
အာဏာသိမ်းမှုအလွန် တရုတ်နိုင်ငံအပေါ် ပိုအဆိုးမြင်သည်ဟု ဖြေဆိုသည်မှာ သိသိသာသာ ပိုများလာပြီး ၂၀၂၂ ခုနှစ်ထက် ၄၁ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ထက် ၄၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဆိုသည်။
ဖြေဆိုသူများတွင် EAOs များက ၈၇ ရာခိုင်နှုန်း၊ PDF/LDF များက ၆၃ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်း များက ၉၀ ရာခိုင်နှုန်း၊ ထင်ရှားကျော်ကြားသူ ၆၈ ရာခိုင်နှုန်းတို့က ပိုအဆိုးမြင်လာသည်ဟုဖြေဆိုကြပြီး နိုင်ငံရေးအသိုင်းအဝိုင်း ၂၅ ရာခိုင်နှုန်းက ပိုအကောင်းမြင်သည်ဟုဖြေဆိုကြောင်း ဖော်ပြထား သည်။
ISP မြန်မာသည် စစ်တမ်းကောက်ယူရာတွင် နိုင်ငံရေးအသိုင်းအဝိုင်းအတွက် ၂၀၁၅ နှင့် ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အဓိကဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံ ရေးပါတီများမှ နိုင်ငံရေးခေါင်းဆောင်များအပါအဝင် တရုတ်မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းနှင့်ပတ်သက် ၍ ဝေဖန်အကြံပြုနေသည့် နိုင်ငံရေးခေါင်းဆောင် ၇၃ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွင် တိုင်းရင်းသားအဖွဲ့အစည်း ၂၃ ခု၊ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတည်ရှိရာ ပြည်နယ်၊ တိုင်းအခြေစိုက် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀၀ ထက်မနည်းရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆၆ ဖွဲ့၊ အရပ်ဘက်အဖွဲ့ အစည်းအသိုက်အဝန်းတွင် အရပ်ဘက်အဖွဲ့အစည်းမှ ၂၃၀ ဦး၊ ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ရေးလုပ်ငန်းများ တွင်ပါဝင်သည့် စီးပွားရေးအသင်းအဖွဲ့မှ ၁၅၁ ဦး၊ တရုတ်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်၍ သုတေသန ပြုလုပ်နေသူများ၊ မူဝါဒရေးရာတွင် လွှမ်းမိုးနိုင်သော ထင်ရှားသည့် အသိပညာရှင်၊အတတ်ပညာရှင်များ၊ လူမှုရေးဘာသာရေးနယ်ပယ်မှဩဇာကြီးသူ ၁၅၂ ဦးကို စာရင်းပြုစုခဲ့ကာ မေးမြန်းမည့် အသိုက်အဝန်း ခြောက်ခုအတွက် လူပုဂ္ဂိုလ် ၆၉၅ ဦးကို ရွေးချယ်ခဲ့ပြီး ပေါင်းစပ်နမူနာစနစ်ကို အသုံးပြုကာ ၃၅၂ ဦး ရွေး ထုတ်ပြီး ဖြေဆိုသူ ၂၆၀ ဦးကို စနစ်တကျ တွေ့ဆုံမေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
ဓါတ်ပုံ – ရုရှား၏ ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲအတွက် စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်တွင် မေ ၈ ရက်နေ့၌ ​တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခွင့် ရခဲ့စဉ်။
#MizzimaBurmeseNews