ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ

by

in

ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ
ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် အမြန်လမ်းနှင့်ပဲခူးလမ်းဟောင်း လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှုများ ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာကြောင်း ခရီးသွားပြည်သူအများစုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်တွင်လည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းအဝင်နှင့်ပဲခူးလမ်းဟောင်း လမ်းဆုံဂိတ်တို့တွင် စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ လ၀က ၊ စည်ပင် အပါအဝင် ဌာနပေါင်းစုံက ဂိတ်ချထားကြောင်း ယင်းဂိတ်များတွင် ခရီးသွားပြည်သူများကို မှတ်ပုံတင် စစ်ဆေးခြင်း၊ မော်တော်ယာဉ်များကို စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း၊ ခရီးသွားပြည်သူများ၏ မှတ်ပုံတင်များကို Person Scrutinization and Monitoring System (PSMS) Applicationဖြင့် စစ်ဆေးပြီး ဖြတ်သန်းသွားလာသည့် ပြည်သူတိုင်းကို ငွေကြေးတောင်းခံနေကြောင်း၊ ငွေပေးရသည့်အပြင် ခရီးသွားပြည်သူများကို ဆဲဆိုခြင်း၊ ကားပေါ်မှ ဆင်းခိုင်း၍ ရိုက်နှက်ခြင်းများလည်း လုပ်ဆောင်ကြကြောင်း သိရှိရသည်။
“ရန်ကုန် အဝင်ဘက် အခြမ်းဂိတ်က ပြည်သူတွေကို ငွေတောင်းတယ်။ ပြသနာရှာဆဲဆိုမိုက်ရိုင်းတယ်။ နားရင်းရိုက်၊ ပါးတွေ ရိုက် လုပ်တယ်။ သူတို့ စိတ်မထင်ရင် မထင်သလိုလုပ်နေတာ။ အဲဒီမှာ တောင်းနေတာက ရဲက အနည်းဆုံး ၅၀၀၀ ကနေ စတောင်းတယ်။ ယာဥ်မှတ်ပုံတင်စစ်တာမှာလည်း ကား၁ စီးမှာ လူ ၅ ယောက်ပါရင် ၂ သောင်းတောင်းတယ်။ အဲဒါဘေးက ခြေလျင်စစ်သားက ကား ၁ စီးကို ၁ သောင်းတောင်းတယ်။ လေတပ်ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေက ငွေ ၁ သောင်းခွဲကနေ ၃ သောင်းအထိ ကားပေါ်မှာ လူပါရင် ပါသလောက် တောင်းတယ်။ လဝကတွေက ၅၀၀၀ တောင်းတယ်။ စရဖတွေက ၅၀၀၀ တောင်းတယ်။ အဲဒါ ဂိတ် ၁ ဂိတ်ထဲမှာ ဌာနပေါင်းစုံက ၀ိုင်းတောင်းနေတာနော်။ ဂိတ်တွေဖြတ်ရင် အချိန်မကြာချင်ရင် ငွေထုတ်၊ မှတ်ပုံတင်ပြ မြန်မြန်ထွက် အဲဒီလိုဖြစ်နေတာ” ဟု ခရီးသွား ပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ခရီးသည်များနှင့် ပြည်သူများ၏ ဖုန်းများကိုလည်း စစ်တပ်က ကွန်ပျူတာဖြင့် စစ်ဆေးခြင်း၊ ဖုန်းကို ဖွင့်၍ စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း၊ နှစ်လုံးသုံးလုံး လောင်းကစားများ ပါခြင်း၊ နိုင်ငံရေးနှင့်ပတ်သက်သော ပို့စ်များကို Like ပေးခြင်း၊ Share ခြင်းများ လုပ်ဆောင်ထားပါက ပြဿနာရှာသည့်အပြင် ဖမ်းချုပ်ရိုက်နှက် ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေကြောင်း သိရှိရသည်။
“ငွေတောင်းတာ မပေးရင် ခရီးသည်တွေကို ထောက်ခံစာမေး။ ဖုန်းစစ်တယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆဆဲဆိုတာတွေကို လုပ်တယ်။ အဲဒါက အမျိုးသား လူငယ်တွေ အလုပ်ခံရတာများတယ်။မင်းက ဒေါင့်မကျိုးဘူးဆိုပြီး လုပ်တာ။ တချို့လူငယ်တွေကတော့ စစ်မှုထမ်းအဖြစ် အဖမ်းခံရတယ်” ဟု ကိုယ်တိုင်ရိုက်နှက်ခံခဲ့ရသည့် လူငယ်တစ်ဦးက ဆိုသည်။
အလားတူ လမ်းဆုံဂိတ်တွင်လည်း စစ်တပ်၊ ရဲ၊ လ၀ကနှင့် ဌာနပေါင်းစုံ တောင်းရမ်းသည့်အပြင် ညနေပိုင်းတွင် သောက်စားမူးယစ်၍ ပြည်သူများကို စစ်ဆေးကြောင်း၊ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
အဆိုပါ ဂိတ်များတွင် တိုင်ကြားနိုင်သည်ဆိုသော ဖုန်းနံပါတ်များနှင့် လိပ်စာများ ရေးသားထားသဖြင့် တိုင်ကြားသော်လည်း မည်သည့်အရေးယူမှ မရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ဂိတ်ချငွေတောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)