ရန်ကုန်မြို့ အင်းလျားကန်ဘောင်တွင် အသက် ၂၅ နှစ်အရွယ် မောင်မြတ်မင်းခန့်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ပရဟိတနာရေးကားဖြင့် ခေါ်ဆောင်သွား
ရန်ကုန်၊ ဇွန် ၂၇
ရန်ကုန်မြို့ အင်းလျားကန်ဘောင်တွင် အသက် ၂၅ နှစ်အရွယ် မောင်မြတ်မင်းခန့်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ပရဟိတနာရေးကားဖြင့် ခေါ်ဆောင်သွားကြောင်း သူငယ်ချင်းဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၆ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် မောင် မြတ်မင်းခန့်သည် သူငယ်ချင်းများနှင့်အတူ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်း လျားကန်ဘောင်သို့ သွားရောက်ခဲ့ကြကြောင်း ၊ ယင်းနောက် သူငယ်ချင်းများနှင့်အဖော်ကွဲသွားချိန် အရပ်ဝတ် စစ်သားတချို့က ဖမ်းဆီးသွားပြီး နာရေးကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“ကန်ဘောင်မှာ လူတွေလည်းအများကြီးရှိပါတယ်။ အဲဒါကို သူ့ကို ဆွဲခေါ်သွားတာ။ အရပ်ဝတ်တွေနဲ့ပဲ။ ဆွဲခေါ်သွားပြီးတော့ နာရေးပရဟိတ Alphard ကားနဲ့ခေါ်တင်သွားတာ။ သူ့ကို ခေါ်ဆောင်သွားတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာအကုန်လုံးမြင်တယ်။ လူတွေအားလုံးလည်း မြင်နေရပါတယ်” ဟု သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။
ယင်းနောက် မောင်မြတ်မင်းခန့်၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းနှင့် အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် အကြောင်းကြားပြီး လိုက်လံ ရှာဖွေကြောင်း၊ တောင်ဥက္ကလာမြို့နယ် ရဲစခန်းသို့လည်း မောင်မြတ်မင်းခန့် ရောက်ရှိလာခြင်းမရှိကြောင်း၊ ရဲများ၏ အဆိုအရ စစ်မှုထမ်းတပ်သားသစ်စုဆောင်းသွားသည့်သဘောဖြစ်သည်ဟု သိရှိရကြောင်း သူငယ်ချင်းများက ရှင်းပြသည်။
ယမန်နေ့ ညပိုင်း အရပ်ဝတ်စစ်သားများ၏ ဖမ်းဆီးခံရသော မောင်မြတ်မင်းခန့်မှာ ဖုန်းအဆက်အသွယ်လည်း မရတော့ဘဲ လက်ရှိအချိန်အထိ သတင်းအစအန မရသေးကြောင်း၊ သူငယ်ချင်းများနှင့် ဆွေမျိုးများက မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကာလ ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း စစ်တပ်က ရမ်းကား ဝင်ရောက်လာခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)