တရုတ် NETA တံဆိပ် EVကားကုမ္ပဏီ ဒေဝါလီခံမှု မြန်မာ EV ကားဈေးကွက်ကိုပါ ရိုက်ခတ်ပြီး ဝယ်လိုအားထိုးကျ၊ မင်းအောင်လှိုင်သားနှင့်သမီးတို့ တင်သွင်းရောင်းချနေသော EV ကားများ၏ ဈေးကွက် အခြေအနေမလှ
ရန်ကုန်၊ ဇွန် ၂၅
တရုတ်နိုင်ငံအခြေစိုက် NETA တံဆိပ် EVကားများ ထုတ်လုပ်နေသော Zhejiang Hozon New Energy Automobile ကုမ္ပဏီမှာ ဇွန်လ ၁၉ ရက်နေ့ ဒေဝါလီခံလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ ကြေညာမှုမှာ မြန်မာနိုင်ငံ၏ လျှပ်စစ်ကား ခေါ် EV ကားဈေးကွက်ကိုပါ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နေပြီး ဝယ်လိုအားထိုးကျနေကြောင်း ရန်ကုန်အခြေစိုက် ကားဈေးကွက်ကျွမ်းကျင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တရုတ်နိုင်ငံမှ လျှပ်စစ်ကား NETA တံဆိပ် EV ကားများ ထုတ်လုပ်နေသော Zhejiang Hozon New Energy Automobile က အကြွေး တရုတ်ယွမ် ၁၀ ဘီလီယံကျော်ရှိနေချိန် အကြွေးရှင်တစ်ဦးက တရုတ်ယွမ် ၅ ဒသမ ၃ သန်းရရှိရန် တရားစွဲလာကြောင်း၊ ထိုသို့ တရားစွဲလာသည့်အတွက် ကုမ္ပဏီက ဒေဝါလီခံရန် တရာါ်ရုံးသို့ တင်ပြ လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
လတ်တလော NETA အမှတ်တံဆိပ် EVကား Showroom များမှာလည်း ပိတ်သိမ်းနေပြီး ယင်းကုမ္ပဏီ ဝန်ထမ်းများမှာလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လစာမရသဖြင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။
“NETA တံဆိပ် EV ကား ဂယက်က တော်တော်ကြီးပါတယ်။ နဂိုကမှ ဒီမှာက မီးမမှန်လို့ EV ကားတွေ သိပ်ပြီး ရောင်းမကောင်း မတွင်ကျယ်တော့ဘူး။ EV Charging အားသွင်းခကလည်း ဓာတ်ဆီဈေးထက်တောင် များသလောက်ဖြစ်နေတာ့ လူတွေ သိပ်မစီးကြတော့ဘူး။ ပြည်တွင်းမှာ EV ကားတွေ ပုံနေတာပဲ။ ဝယ်ပြီးရင်လည်း သခင်ချစ်ကားဖြစ်နေတယ်။ ပြန်ရောင်းရင် မထွက်ဘူး။ ဈေးလျှော့ရောင်းရင်တောင် ဒီက လျှပ်စစ်မီးအခြေအနေ ကြောင့် အဝယ်ကို မရှိဘူး” ဟု ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်းမှ ဝါရင့်ယာဉ်ဝယ်ရောင်း အကျိုးဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်းရောင်းချနေသော EV ကားများတွင် တရုတ်နိုင်ငံထုတ် တံဆိပ်အမျိုးမျိုးပါဝင်ပြီး အနည်းဆုံး လျှစ်စစ်ကားများ၏ စွမ်းဆောင်ရည်နှင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှု၊ အဆင့်မြင့်ဇိမ်ခံစနစ် ပါဝင်မှုတို့ အပေါ် မူတည်၍ စျေးနှုန်းမှာ EV ကားသစ် ၁ စီးလျှင် ငွေကျပ် အနည်းဆုံး သိန်း ၈၀၀ မှစတင်၍ သိန်း ၂၀၀၀ နီးပါးအထိ ပေါက်စျေးရှိကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ကာလများတွင် မြန်မာနိုင်ငံအတွင်းသို့ EV ကားများ စီးရေ ထောင်ချီ၍ တင်သွင်းခဲ့ကြကြောင်း သိရှိရသည်။
“ပြည်တွင်း EV စျေးကွက်မှာဆိုရင် အများဆုံးသုံးတာက MG ၊ Leapmotor နဲ့ BYD ပေါ့။ အဲဒါက လူကြိုက်များတယ်။ NETA လည်း လူကြိုက်များတဲ့အထဲပါတယ်။ အခြားတံဆိပ်တွေလည်း အများကြီးရှိသေးတယ်။ ကားခပ်သေးသေးလေးတွေလည်း အိမ်နဲ့ခြံနဲ့နေနိုင်သူတွေက ဝယ်ပြီး စျေးသွားကျောင်းသွားသုံးကြတာ။ ဆီတွေ ကြိတ် ကြိတ်တိုးတန်းစီရတုန်းက EV ကားတစ်ခေတ် ထလိုက်သေးတယ်။ အခုတော့ EV ကား အရောင်းတွေချည်းပဲ” ဟု ရန်ကုန်မှ ကားဝါရင့် ဝယ်ရောင်းက ဆိုသည်။
တရုတ်နိုင်ငံမှ ဒေဝါလီခံသွားသော NETA အမှတ်တံဆိပ် လျှပ်စစ် EV ကားများကို မြန်မာနိုင်ငံသို့ Grand Sirius ကုမ္ပဏီက တင်သွင်းလျက်ရှိပြီး လက်ရှိ ဒေဝါလီခံသည့် ဂယက်ကြောင့် NETA တံဆိပ်ကားများကို စျေးနှုန်းလျှော့၍ အမြန်ရောင်းချမှုများ၊ သုံးစွဲသူများကလည်း အရှုံးခံ၍ ရောင်းချမှုများရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
” 𝐍ETA 𝐔 ၂၀၂၄ မော်ဒယ်ကို သိန်း ၁၀၀၀ ကျော်ကျော်လေးနဲ့ ချရောင်းနေတယ်။ အရင်က သိန်းကို ၁၅၀၀ လောက် စျေးအတော်အော်ခဲ့တဲ့ကားတွေ။ အခုတော့ လာဝယ်ရင် လျှော့ပေးမယ် အလုပ်ဖြစ်အောင် ရောင်းပေးမယ်ဆိုတာချည်းပဲ” ဟု ရန်ကုန်မှ EV ကားသုံးစွဲသူ တစ်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် EV ကားများမှာ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ မင်းအောင်လှိုင်က ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်း လွတ်ခွင့်ပြုခဲ့ပြီးနောက် ပိုမို ခေတ်စားလာခဲ့ပြီး မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့က ဆိုလာလျှပ်စစ် နှင့် EV ကားတင်သွင်းမှုများကို အကြီး အကျယ် လုပ်ဆောင်ခဲ့ကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများကို တင်သွင်းလျက်ရှိပြီး ယခုကာလအပိုင်းအခြားတွင် လျှပ်စစ်ကားများ၏ ဝယ်လိုအားမှာ ထိုးကျလျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ခင်သီရိသက်မွန်နှင့် အပေါင်းအပါများ လုပ်ကိုင်နေသော MG Myanmar EV ကားကုမ္ပဏီက မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများနှင့် MG အမှတ်တံဆိပ်ကားများ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများ တင်သွင်းနေရာတွင် ကားမိတ်ဆက်ပွဲများကို သရုပ်ဆောင် မင်းသား၊ မင်းသမီးများ ဖိတ် ကြား၍ ခြိမ့်ခြိမ့်သဲသဲ မကြာခဏဆိုသလို ကျင်းပလေ့ရှိသည်။
ထို့ပြင် မင်းအောင်လှိုင်သမီးနှင့် အပေါင်းအပါ နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့၏ NPK Motor Co Ltd ကုမ္ပဏီ မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်း သည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ပြီး EV Charging Station များစွာ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။
ထို့အတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံကလည်း တရုတ်BYD ကုမ္ပဏီမှ BYD EV ကားများကို အခြားသော နာမည်ခံလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ကုမ္ပဏီထောင်ကာ မြန်မာနိုင်ငံတွင်းသို့ တင်သွင်းရောင်းချခဲ့သည်။
မင်းအောင်လှိုင်သားနှင့်သမီး ရောင်းချသည့် EV ကားများ ဝယ်လိုအား အလွန်အမင်းထိုးကျသွားချိန်တွင် မင်းအောင်လှိုင်၏ ညွှန် ကြားချက်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း လိုင်စင်မဲ့ဆိုင်ကယ်နှင့် ကားများကို စီမံချက်ဖြင့် ဖမ်းဆီးမှုကို ယခုဇွန်လ ၁ ရက်နေ့တွင် လုပ် ဆောင်ခဲ့ပြီး ယခုအချိန်အထိလည်း ဆက်လက် ဖမ်းဆီးနေဆဲဖြစ်သည်။
ဓာတ်ပုံ- မင်းအောင်လှိုင်မိသားစုနှင့် ၎င်း၏ ညီအစ်ကို မောင်နှမ ဆွေမျိုးများ။
