စစ်ရေးဗျူဟာကျတဲ့ ပုလဲနယ် ကန့်ဒေါင့်စခန်းသိမ်း ရုပ်သံ

by

in

စစ်ရေးဗျူဟာကျတဲ့ ပုလဲနယ် ကန့်ဒေါင့်စခန်းသိမ်း ရုပ်သံ
MFP/ ဇွန် – ၂၀

ပုလဲ-ဂန့်ဂေါလမ်းမပေါ်က စစ်ရေးအရဗျူဟာကျတဲ့ ကန့်ဒေါင့်စခန်းကို စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှု ၂၀၀ ကျော်၊ ဗုံးအလုံးရေ ၅၀၀ ကျော်ကြဲချပြီး အပြင်းအထန်ခုခံတဲ့ကြားက ဇွန်လ ၁၉ ရက်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပွါးနေတဲ့ ဇွန်လ ၁၀ ရက်ကလည်း လေကြောင်းပစ်ကူလာတဲ့ စစ်အုပ်စုရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချနိုင်ခဲ့ပါတယ်။
ပစ်ချခံလိုက်ရတဲ့ စစ်ကူတိုက်လေယာဉ်မှာ ကျေးရွာတရွာအတွင်း ထိုးစိုက်ပျက်ကျသွားပြီး လေယာဉ်မှူးလည်း သေဆုံးသွားခဲ့ပါတယ်။
ဇွန်လ ၂ ရက်ကနေ ၂၉ ရက်အထိ စခန်းသိမ်းကာလအတွင်းမှာ တပ်ကူအင်အားတွေကို မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ ထဲကနေ စစ်ကူအင်အားပို့ဆောင်တာဖြစ်ပြီး Mi-17 ၊ Mi-35 ရဟတ်ယာဉ်တွေအသုံးပြု ပို့ဆောင်တာဖြစ်ပါတယ်။
Mi-17 နဲ့ စစ်ကူအင်အားပို့ဆောင်ရာမှာ Mi-35 က ဘေးကနေဝန်းရံပေးပြီး မြေပြင်ဖို့လူချနိုင်ဖို့ ဘေးပတ်ချာလည်ကို ကာပစ်ပေးပြီးမှ မြေပြင်ကို လူအင်အားချတာမျိုးဖြစ်တယ်လို့ဆိုပါတယ်။
မုံရွာ-နမခ ထဲက ရဟတ်ယာဉ်နဲ့ပို့ဆောင်နဲ့ စစ်ကူတွေကိုတော့ အင်မထီးပျူရွာထဲကို ပို့ဆောင်ပြီး အဲဒီကနေမှတစ်ဆင့် တိုက်ပွဲဖြစ်ပွါးတဲ့ ကန့်ဒေါင့်ဘက်ကို စစ်ကူတွေကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ထွက်ခွါဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲဖြစ်ပွါးချိိန်ကနေ အင်မထီးပျူရွာထဲကို စစ်ကူအင်အား ရဟတ်ယာဉ်နဲ့ပို့ဆောင်တာ ၁၃ ကြိမ်လောက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကူအင်အားတွေကို ကန့်ဒေါင့်ဆီမလာနိုင်အောင်လည်း တော်လှန်ရေးအင်အားစုတွေက တားဆီးဖြတ်တောက်နိုင်သလို စစ်ကူစစ်ကြောင်းသွားနိုင်ဖို့အတွက်လည်း ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူပေးတာတွေလည်း စစ်အုပ်စုက လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ဘဒဖြစ်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွါးစဉ်ကတည်းက ဂျက်ဖိုက်တာနဲ့ စစ်အုပ်စုက နေ့စဉ်လေကြောင်းပစ်ကူပေးနေပြီး ကန့်ဒေါင့်ရွာတစ်ဝိုက်၊ အင်မထီးတစ်ဝိုက်နဲ့ ဇီးဖြူကုန်းပျူရွာတစ်ဝိုက်တွေကို အများဆုံးကြဲချတိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကန့်ဒေါင့်စခန်း၊ အင်မထီးပျူရွာနဲ့ ဇီးဖြူကုန်းပျူရွာ စတဲ့ စစ်အုပ်စုနဲ့ပျူစောထီးတွေ အထိုင်ချထားတဲ့ စခန်းသုံးခုဟာ တြိဂံပုံစံတည်နေရာအနေအထားမှာရှိပြီး စခန်းတစ်ခုနဲ့တစ်ခု မလှမ်းမကမ်းအနေမှာ တည်ရှိနေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ကန့်ဒေါင့်စခန်းကိုတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီးပေမယ့်လည်း အင်မထီးဘက်က စစ်အုပ်စုစစ်ကြောင်းတွေကလည်း ရှေ့ကိုတိုးလာနိုင်ဖို့ ကြိုးစားနေတဲ့အနေအထားမှာရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပုလဲ-ဂန့်ဂေါလမ်းမှာရှိတဲ့ ကန့်ဒေါင့်ရွာစခန်းဟာ အရင်ကတည်းက ရဲစခန်းရှိတဲ့ရွာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ မကွေးနဲ့ စစ်ကိုင်းတိုင်းထဲကို ဖြတ်သန်းသွားလာဖို့ အဟန့်အတားဖြစ်နေတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။
ကန့်ဒေါင့်ရွာစခန်းဟာ မုံရွာ-ယင်းမာပင်-ပုလဲ-ကျော-ဂန့်ဂေါ စတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို တစ်လျှောက်ဆက်သွယ်ထားတဲ့ လမ်းကြောပေါ်မှာဖြစ်ပါတယ်။
ကန့်ဒေါင့်ရွာရဲ့အနောက်ဘက်ကို ကျော်လွန်သွားပါက ပုံတောင်ပုံညာတောင်တန်းကြီးကို မြင်တွေ့ရမှာဖြစ်ပြီး ပုံတောင်ကျော်သွားတာနဲ့ ပုံညာတောင်ကြောကစပြီး မကွေးတိုင်းထဲရောက်ရှိသွားပြီဖြစ်ပါတယ်။
မကွေးတိုင်းရောက်တာနဲ့ ဂန့်ဂေါခရိုင်ထဲကို တန်ရောက်ရှိပြီး ဂန့်ဂေါခရိုင်ဟာ ချင်းတောင်ပိုင်းနဲ့ ရခိုင်ဒေသတွေနဲ့ပါ ဆက်စပ်တည်ရှိနေတာလည်းဖြစ်ပါတယ်။