ကျောက်ဖြူ ရေတပ်ဌာနချုပ်သို့ တိုက်ပွဲနီးကပ်လာ

by

in

ကျောက်ဖြူ ရေတပ်ဌာနချုပ်သို့ တိုက်ပွဲနီးကပ်လာ
ဓာတု
(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ် သွားရာလမ်းဖြစ်သည့် သစ်ပုတ်တောင်လမ်းခွဲတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တိုက်ပွဲမှာ ရေတပ်ဌာနချုပ်သို့ တမိုင် နီးပါးအထိ နီးကပ်လာ ပြီဖြစ်ပြီး ယနေ့ (ဇွန်လ ၂၀ ရက်) မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
“ သစ်ပုတ်တောင်ကို ကျော်နေပြီလို့ သိရတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ သစ်ပုတ်တောင်ကြားထဲမှာအထိ အာရက္ခတပ်တော်ဘက်က ခြေကုပ်ယူထားတယ်လို့ ကျွန်တော်တို့ဘက်က ကနဦးစုံစမ်းသိရှိရပါတယ်။ “ ဟု CDM ဗိုလ်ကြီး ဇင်ယောက်ကပြောသည်။
ကျောက်ဖြူတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့် ကြားမှ AA က တိုက်စစ်ဖော်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်ကလည်း ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် AAက ထိုးစစ်ဆင်နေသည့် ကျောက်ဖြူရဲတပ်ရင်း(၃၂) စခန်းသိမ်း တိုက်ပွဲသည်လည်း ယမန်နေ့က ညနေပိုင်းက စ၍ တိုက်ပွဲသံများစဲသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။
ရဲတပ်ရင်း(၃၂) ၏ ကာကင်းစခန်းရှိသည့် ပြိုင်းကေစေ့ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် AAတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအင်အား ၁၀၀ ရှိသည့်အနက် ၅၀ ဦးထက်မနည်း သေဆုံးသွားကြောင်းရခိုင်အခြေစိုက် Western News ကဖော်ပြထားသည်။
“ ရဲတပ်ရင်း(၃၂)က ရတော့မယ်ထင်တယ်၊ ရခါနီးပြီလို့ကြားတယ်။ မနေ့မနက်အထိ တော်တော်ပြင်းထန်တယ်။ ညနေကစပြီး အဲ့ဒီဘက်ပစ်သံတွေ လုံးဝမကြားတော့ဘူး တိတ်သွားတာအခုထိပဲ။ ခဏရပ်တာလား ဒါမှမဟုတ် ရသွားလို့ရပ်တာလားဆိုတာစုံစမ်းနေဆဲပါ။ ရေတပ်ဌာနချုပ်ဘက်သွားတဲ့နေရာတော့ အခုဖြစ်နေတုန်းပဲ”ဟု၎င်းကပြောသည်။
CDM ဗိုလ်ကြီး ဇင်ယော်ကလည်း “ ရတက( ၃၂ )ကို သိမ်းပိုက်လုနီးနီး ဖြစ်နေတယ်။ ရဲတပ်ရင်းက အဖွဲ့တွေက လက်နက်ချမလား၊ နောက်ကိုဆုတ်မလားဆိုတာကတော့ မပြောတတ်သေးဘူး။ နည်းနည်းအဆက်အသွယ်ပြတ်တောက်ချင်တဲ့ ပုံစံမျိူးတွေတော့ ကြားသိထားရတယ် ။သူတို့ဆုတ်ရင်လည်း ခလရ(၃၄) သို့မဟုတ် အကျဉ်းထောင်ဘက်ကိုသွားပြီးတော့ဆုတ်မယ်လို့မှန်းဆရပါတယ်”ဟု ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲသို့ စစ်ကောင်စီက စစ်ကူမပို့နိုင်ရန် AA ဘက်က ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးကြောင်း ၎င်းက တဆက်တည်းဆိုသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သတ်၍ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရ ဦးခိုင်သုခကိုဆက်သွယ်မေးမြန်းသော်လည်းပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄)၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့တည်ရှိသည်။
အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်တွင်အကြီးဆုံး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင် မြို့ ၁၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ကျောက်ဖြူ၊ မာန် အောင် စသည့် နောက်ဆုံးလက်ကျန်မြို့သုံးမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။
စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima