ရှေ့တန်းတိုက်ပွဲတွင် သေဆုံးသွားခဲ့သော တပ်သား မောင်ဆုရှင်၏ သေဆုံးမှုသတင်းကို ၆ လကြာမှ စစ်တပ်က မိသားစုကို အသိပေး၍ ၆ လနောက်ကျ နာရေးအမျှဝေမှု လုပ်ဆောင်ရ ၊ တိုက်ပွဲတွင် သေဆုံးမှုကို ၉၆ ပါးရောဂါဖြင့် သေဆုံးဟု နာရေးကြော်ငြာတွင်

by

in

ရှေ့တန်းတိုက်ပွဲတွင် သေဆုံးသွားခဲ့သော တပ်သား မောင်ဆုရှင်၏ သေဆုံးမှုသတင်းကို ၆ လကြာမှ စစ်တပ်က မိသားစုကို အသိပေး၍ ၆ လနောက်ကျ နာရေးအမျှဝေမှု လုပ်ဆောင်ရ ၊ တိုက်ပွဲတွင် သေဆုံးမှုကို ၉၆ ပါးရောဂါဖြင့် သေဆုံးဟု နာရေးကြော်ငြာတွင် လိမ်လည်ဖော်ပြရ
ရန်ကုန်၊ ဇွန် ၂၀

မကွေးတိုင်း၊ ရှေ့တန်းတိုက်ပွဲတွင် သေဆုံးသွားခဲ့သော တပ်သား မောင်ဆုရှင်၏ သေဆုံးမှုသတင်းကို ၆ လကြာမှ စစ်တပ်က မိသားစုကို အသိပေး၍ ၆ လနောက်ကျ နာရေးအမျှဝေမှု လုပ်ဆောင်ရကြောင်း ကျန်ရစ်သူ မိသားစုထံမှ သိရှိရသည်။
လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) ၁၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် မောင်ဆုရှင်(ခ) ဖိုးခွားက အထည်ချုပ်အလုပ်လုပ်ကိုင်နေရာမှ စစ်သားအဖြစ် မိမိသဘောဖြင့်ဝင်ရောက်သွားခဲ့ကြောင်း၊ စစ်သင်တန်းဆင်းပြီးနောက် မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ တွင် စစ်မှုထမ်းရကြောင်း၊ ထို့ နောက် စစ်တပ်က ၎င်းကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
မောင်ဆုရှင်နှင့် မိသားစုက အဆက်အသွယ်ပြတ်တောက်သွား၍ စုံစမ်းသော်လည်း စစ်တပ်က သေဆုံးမှု သတင်းကို အသိမပေးခဲ့ကြောင်း၊ သို့ရာတွင် မောင်ဆုရှင် သေဆုံးအပြီး ၆ လအကြာ တွင်မှ စစ်တပ်က အသိပေးလာသဖြင့် မိသားစုက ၆ လပြည့် ဆွမ်းသွပ် နာရေးတရားနာလုပ်ရကြောင်း သိရှိရသည်။
၆ လပြည့် ဆွမ်းသွပ်နာရေးတရားနာ ဖိတ်ကြားရာတွင် ရှေ့တန်းတွင် သေဆုံးသည်ဟု ဖော်ပြခွင့်မရဘဲ ၉၆ ပါး ရောဂါဖြင့် သေဆုံးသည်ဟု ဖော်ပြရကြောင်း၊ တပ်သား မောင်ဆုရှင် သေဆုံးမှုအတွက် စစ်တပ်က ကျန်ရစ်သူ မိသားစုထံသို့ ထောက်ပံ့ကြေးနှင့် ခံစားခွင့် လျှော်ကြေး ပေးခြင်း မရှိကြောင်း သိရှိရသည်။