မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ
ရန်ကုန်၊ ဇွန် ၁၉
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းကပ်ထားကြောင်း မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့လယ်ခေါင် ဘုရင့်နောင်စျေးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် ဗီနိုင်းကို ချထားခြင်းဖြစ်ကြောင်း၊ ယင်းနေရာသည် မြ၀တီမြို့မရဲစခန်းနှင့် မလှမ်းမကမ်းတွင် ရှိကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် ဗီနိုင်းကို ချထားတာက မြဝတီမြို့လယ်ခေါင် ဘုရင့်နောင်စျေးမှာကိုကြီးရှေ့မှာဖြစ်ပါတယ်။ ဘေးသိပ်မဝေးတဲ့နေရာမှာ ရဲစခန်းရယ် လဝက ရှေ့တန်းရုံးတို့ရှိတယ်။ အခု စစ်တပ်နဲ့ရဲက ဝှစ်သောက်ကားတွေ ဖမ်းပြီး ကင်းလှည့်နေတဲ့အချိန်မှာ ချထားတာတွေ့တာပါ” ဟု မြ၀တီမြို့ခံတစ်ဦးက ပြောဆိုသည်။
မြ၀တီမြို့သည် စစ်တပ်လက်အောက်ခံ BGF ကရင်နယ်ခြားစောင့်တပ်များက လုံခြုံရေးယူထားပြီး စစ်တပ်၊ ရဲနှင့်ထွေ/အုပ်များက BGF ၏ ပံ့ပိုးမှုဖြင့် မြ၀တီမြို့ကို လည်ပတ် အုပ်ချုပ်နေခြင်းဖြစ်သည်။
ယမန်နေ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေး ဆိုင်းဘုတ်ကို အသက် ၈၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် စိုက်ထူခဲ့ပြီး စစ်တပ်နှင့်ရဲများက လာရောက် မဖြုတ်ရဲကြောင်း သိရှိရသည်။
