ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

by

in

ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ
ရန်ကုန်၊ စက်တင်ဘာ ၆

ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်က ထုတ်ပြန်ကြေညာသည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့် ဖြစ်စေ၊ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License ရရှိသူများဖြင့် ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ ၏ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
အကယ်၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏ မိသားစုများထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်သို့ အလုပ်ဖြင့် ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပ အလုပ်အကိုင် သက်သေခံ ကတ် OWIC ထုတ်ပေးမှု မပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သည့် စိစစ် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
ထို့ပြင် ပြည်ပ အလုပ်အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက မိသားစုထံသို့ ငွေလွှဲပို့သည့် အထောက် အထားများကို အေဂျင်စီထံသို့ မိတ္တူမပျက်ကွက်ပေးပို့ရန် တောင်းခံရမည်ဖြစ်ကြောင်း၊ အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သော အလုပ်သမားက လစဉ် ငွေလွှဲပို့သည့် အထောက်အထား များကို အလုပ်သမားဝန်ကြီးဌာနသို့ လချုပ်အဖြစ် အထောက်အထား ပူးတွဲလျက်
မပျက်မကွက် တင်ပြရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
သို့ဖြစ်၍ ပြည့်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ မိသားစုဝင်များထံသို့ ငွေလွှဲပို့ရာတွင် မိသားစုလွှဲပို့ငွေများကို တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများမှတစ်ဆင့် ငွေလွှဲပြောင်း ပေးပို့ခြင်းမပြု(မပြု) ကြရန်၊ တရားဝင် လမ်းကြောင်းများမှသာ လွှဲပြောင်း ပေးပို့ရန် စစ်ကောင်စီက သတိပေး ကြေညာသည်။
“နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမရရင်တော့ ကျနော်တို့ အခွန်မဆောင်ဘဲ နေဖို့၊ မိသားစုဆီကို တရားဝင် လမ်းကြောင်းကနေ ငွေမပို့ဖို့ကတော့ ခက်ခဲမယ်ထင်တယ်။ အခု ထုတ်ပြန်ထားတာက ကျနော်တို့ အကျပ်ကိုင်ထားတာဖြစ်နေတယ်။ မဖြစ်မနေ လုပ်ရမယ့် အခြေအနေပါပဲ။ ဘယ်လိုရှောင်လွှဲရမလဲမသိဘူး။ ကိုယ်ပေးလိုက်တဲ့ အခွန်တွေနဲ့ နိုင်ငံခြားဒေါ်လာတွေနဲ့ ပြည်သူကို သတ်ဖြတ်မှာလည်း မလိုလားပါဘူး။ ဒါပေမယ့် ကျနော်တို့ အလုပ်သမားတွေမှာ ရွေးချယ်စရာမရှိပါဘူး။” ဟု ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ အထည်ချုပ်စက်ရုံတွင် ကြီးကြပ်ရေးမှူး အဖြစ် လုပ်ကိုင်နေသူ လုပ်သက်ရင့် မြန်မာအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများ။