AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား

by

in

AAရောက်ရှိလာပါက ခုခံမတိုက်ဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူး ညွှန်ကြားထား

15 June 2025 By MPA

ဧရာ၀တီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း အာရက္ခတပ်တော်(AA) ရောက်ရှိလာပါက ခုခံတိုက်ခိုက်ခြင်း မပြုဘဲ အလံဖြူပြရန် ရေကြည်မြို့နယ် ရဲစခန်းမှူးက ၎င်း၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုညွှန်ကြားထားကြောင်း ရေကြည်မြို့နယ်ရှိ ရဲသတင်းရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။

၂၀၂၅ခုနှစ် နှစ်စပိုင်းမှ စတင်ကာ AA နှင့် ပူးပေါင်းတပ်များသည် ရခိုင်နှင့် ဧရာ၀တီ နယ်စပ်ရှိ မြို့နယ်များကို ထိုးစစ်ဆင်လာပြီးနောက် ရေကြည်မြို့နယ် ရဲစခန်းမှူးက ၎င်း၏တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ မှာကြားထားခြင်းဖြစ်သည်။

“လအတိအကျနဲ့ ပြောရရင်တော့ ဧပြီလမှ စခန်းမှူးက ကျတော်တို့တပ်ဖွဲ့ဝင်တွေကို မှာထားတာ၊ ကိုယ့်အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး။ AA တပ်ဖွဲ့ဝင်တွေမြင်တာနဲ့ ပြန်မတိုက်နဲ့ အလံဖြူသာချလိုက်ဆိုပြီးမှာထားတယ်။ အဓိက ငသိုင်းချောင်းဘက်က ဂိတ်တွေမှာ တာဝန်ကျနေတဲ့ သူတွေကို ပိုသတိပေးထားတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ရေကြည်မြို့နယ်၊ ဂွ-ငသိုင်းချောင်း လမ်းပေါ်ရှိ မြောက်စမ်း အမြောက်တပ်(အမတ-၃၄၄)ကိုလည်း AA နှင့် ပူးပေါင်းတပ်များက ဇွန် ၁၁ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။

အဆိုပါ အမြောက်တပ်သည် ပုသိမ်-မုံရွာလမ်းနှင့် ဂွ-ငသိုင်းချောင်း လမ်းဆုံအနီး မြောက်စမ်းကျေးရွာတွင် တည်ရှိပြီး ယင်းတပ်ကို သိမ်းပိုက်နိုင်ပါက ကျုံပျော်မြို့အထိ စစ်ရေးခြိမ်းခြောက်နိုင်သည့် ဗျူဟာမြောက်တပ်စခန်းတစ်ခု လည်းဖြစ်သည်။

“ရေကြည်ဘက်မှာတော့ လက်နက်တွေသိပ်မကြားရတာ၊ နှစ်ပတ်လောက်ရှိပြီ၊ ပြီးခဲ့တဲ့လကတော့ နေ့စဉ်နီးပါး လက်နက်သံတွေကြားရတယ်။ ငသိုင်းချောင်းဘက်မှာတော့ နေ့စဉ် တိုက်ပွဲတွေဖြစ်နေတယ်လို့ အမျိုးတွေကတော့ ပြောတယ်။ ကျတော်တို့ကတော့ တိုက်ပွဲတွေ ဒီဘက်ရောက်လာရင် အဆင်သင့်ဖြစ်အောင်တော့ အမြဲပြင်ဆင်ထားတယ်” ဟု ရေကြည်မြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အမ-၃၄၄အား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်က AA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည့် ရွှေသောင်ယံမြို့နယ် ဘောမိကျေးရွာရှိ စစ်ကောင်စီ၏ သံချပ်ကာကားများဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။

AA နှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းက ဧရာ၀တီတိုင်းနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ဂွမြို့ကို သိမ်းပိုက်ပြီးနောက် ၂၀၂၅ခုနှစ် နှစ်စပိုင်းတွင် ဧရာ၀တီ-ရခိုင်နယ်စပ်၊ ရခိုင်-ပဲခူးနယ်စပ် နှင့် ရခိုင်-မကွေးနယ်စပ်တို့၌ စစ်မျက်နှာသုံးခုဖွင့်ကာ ထိုးစစ်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ AA နှင့် ပူးပေါင်းတပ်များသည် အမတ-၃၄၄၏ ပင်မတပ်စခန်းသို့ ဝင်ရောက်နိုင်ပြီဟု သတင်းများ ထွက်ပေါ်နေသကဲသို့ တပ်ရင်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများ ထွက်နေသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီ အနေဖြင့် အမတ-၃၄၄ ကိုလက်လွှတ်လိုက်ရပါက ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့များသည် စစ်ရေးအရ စိုးရိမ်ရသည့် အခြေအနေများရှိလာနိုင်ကြောင်း စစ်ရေးသုံးသပ်သူများကခန့်မှန်းထားသည်။

ဓာတ်ပုံ-MOI