အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး ကျေးရွာကို ထိန်းချုပ်
ဇွန် ၁၆ ၊ ၂၀၂၅
ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ၊ အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ထုတ်လိုက်ပြီး အဆိုပါ ကျေးရွာကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း(P29914) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အုန်းပင်စုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဇွန် ၆ ရက် မှာ တော်လှန်ရေးပူးပေါင်းတပ် တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်းမြို့ နဲ့ ကျောက်ကြီးမြို့တွေမှာရှိတဲ့ စခန်းတွေ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာပါ။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အလောင်း ၈ လောင်းကို မျက်မြင်တွေ့ခဲ့ရသလို ဒဏ်ရာရသူ များပြားနိုင်တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း က ပြောပါတယ်။
ဒါအပြင် တိုက်ပွဲကနေ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ပြီး G3 ကျည် – ၅၈၀ တောင့်၊ ၄၀မမ -၁၀လုံး၊ RPG ပို့ယမ်း – ၁၁ ခု၊ RPG အသီး – ၉ လုံး၊ MA ခွင်းဗုံး – ၇ လုံး၊ RPG 7 – ၁လက်၊ MA11 – ၁ လက်၊ လက်ပစ်ဗုံး – ၅လုံး၊ ၁၄မိုင်း – ၇လုံး၊ ရှေ့ထွက်မိုင်း – ၃ လုံး၊ MA ကျည်ဘောက် ၃ဘောက်၊ မိုင်းရှာစက် – (၁)လုံး စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အထူးကွန်မန်ဒိုတပ်ရင်းမှ ရဲဘော် (၁)ဦး၊ ပူးပေါင်းအဖွဲ့မှ (၃)ဦး စုစုပေါင်း (၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အထူးကွန်မန်ဒိုတပ်ရင်း(P29914)၊ KNLA ရင်း၈ ၊ရင်း၉ ၊အာဠာဝကစစ်ကြောင်း ၊ ၃၇၀၂တပ်ရင်း ၊ရန်ကုန်ပကဖ နဲ့ ဧရာဝတီပကဖ တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။
#SpringRevolution