ဖားကန့်၊ တောင်ယာကုန်းရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာ
ရန်ကုန်၊ဇွန် ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ယာကုန်ကျေးရွာမှ ပြည်သူ ၃ ဦးကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၆ ဦးအထိရှိလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ မှော်ဆီဇာဘုရားကုန်းမှ စစ်ကောင်စီတပ်များက တောင်ယာကုန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ပြည်သူ ၃ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူ ၃ ဦးကို သတ်ဖြတ်ရာတွင် အပိုင်းပိုင်းဖြတ်၍ သတ်ဖြတ်ထားခြင်း၊ မျက်စိများထိုးဖောက်သတ်ဖြတ်ခြင်းနှင့် ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်နှက်သတ်ဖြတ်ခြင်းတို့ဖြင့် အလွန်ရက်စက်သော သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အလောင်းများကို လုံးခင်းသုဿာန်တွင် စစ်တပ်က စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
“မှော်ဆီဇာကနေ ထွက်လာတဲ့ စစ်ကြောင်းက တောင်ယာကုန်းရွာရောက်တဲ့အချိန်မှာ အဲဒီရွာက ပြည်သူ ၃ ဦးကို သတ်ထားတယ်။ ၁ ဦးကို အပိုင်းပိုင်းဖြတ် သတ်ထားတယ်။ နောက် ၁ ဦးကိုတော့ မျက်စိတွေ ထိုးဖောက်ပြီးသတ်ထားတယ်။ နောက် ၁ ဦးကတော့ ဦးခေါင်းကိုရစာမရှိအောင် ရိုက်နှက်ထားတယ်။ ပြည်သူနောက် ၁ ဦးကိုလည်း လုံးခင်းသုဿာန်မှာ ပစ်သတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် စစ်တပ်က တောင်ယာကုန်းကျေးရွာမှ ပြည်သူ ၅၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး တောင် ယာကုန်း၊ သာယာကုန်းနှင့် အမှိုက်ပုံဘက်သို့ စစ်ကြောင်းထိုးခဲ့ကာ ဖားကန့်မြို့သို့ စစ်အင်အား ၅၀ ဖြင့် ဝင်ရောက်သွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ပြည်သူတချို့ ပြန်လွတ်သော်လည်း အများစု ဖမ်းခံထားရဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်တပ်က တပ်စွဲထားသော မှော်စီဇာ ဘုရားကုန်းအနီး မှော်စီဇာလမ်းဆုံတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က မေလနှောင်းပိုင်းမှစတင်၍ ဖားကန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယင်းအချိန်မှစတင်၍ ပြည်သူများကို ဆက်တိုက်သတ်ဖြတ်ခဲ့ရာ ယနေ့ ဇွန်လ ၁၄ ရက်နေ့အထိ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၆ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။