မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များ နိုင်ငံရေးအရသရုပ်ဖော်နေမှုအပေါ် ကန့်ကွက်ဟု တရုတ် သံတမန်ဆို
ဧရာဝတီ၊ ဇွန် ၁၁၊ ၂၀၂၅
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာများကို နိုင်ငံရေးအရသရုပ်ဖော်ခြင်းအား ဆန့်ကျင်ပြီး ထိုသို့ ကိစ္စရပ်များအပေါ် လူထုဖိအားပေးသည့် အလေ့အထကိုလည်း ပယ်ချကြောင်း ယမန်နေ့တွင်ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ လက်ထောက် အမြဲတမ်း ကိုယ်စားလှယ် Sun Lei က ပြောသည်။
အဆိုပါ ကုလသမဂ္ဂအစည်းအဝေးကို အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၉/၁၈၂ ဖြင့် ပြုလုပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အမျိုးသားရေးအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်ရာတွင် ပံ့ပိုးပေးပြီး ၎င်း၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည်ကိုသာ အားပေးထောက်ခံသည်ဟု Sun Lei က ပြောဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကာ အပြုသဘောဆောင်သည့် ရလဒ်များ ရရှိခဲ့သည်ဟုလည်း တရုတ်ကိုယ်စားလှယ်က ဆိုသည်။
ဆက်လက်၍ ၎င်းက “မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိအောင် ကူညီပေးရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း တူညီတဲ့ ဦးတည်ချက်နဲ့ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့အရေးဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သားများက တရုတ်အစိုးရအား ဆန္ဒပြမှုများလည်း အရှိန်မြင့်လျက်ရှိသည်။
