သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွက် မဲနှိုက်ခွင့်ရမည့်မြို့နယ်နှင့် သက်ဆိုင်ရာဌာနအမည်စာရင်းများကို ကြေညာမည်ဖြစ်ပြီး လိမ်လည်မှုများသတိထားရန်လို

by

in

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွက် မဲနှိုက်ခွင့်ရမည့်မြို့နယ်နှင့် သက်ဆိုင်ရာဌာနအမည်စာရင်းများကို ကြေညာမည်ဖြစ်ပြီး လိမ်လည်မှုများသတိထားရန်လို
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်( တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ တိုက်လေးလုံးအတွက် မဲနှိုက်ခွင့်ရမည့် မြို့နယ်စာရင်းနှင့် သက်ဆိုင်ရာဌာန နာမည်စာရင်းကို ယနေ့ ဇွန် ၁၀ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
သုခဒဂုံအိမ်ရာအတွင်း တိုက်ခန်းနှင့် ဆိုင်ခန်းများကိုဝယ်ယူခွင့်၊ ငှားရမ်းခွင့်ရမည်ဆိုကာ ပြောဆို လိမ်လည် နေသူများရှိသဖြင့် အများပြည်သူများ သတိထားရန်လိုအပ်ကြောင်း ထုတ်ပြန်သည်။
လက်ရှိသုခဒဂုံအိမ်ရာဝင်းအတွင်း ဈေးရုံဆောက်လုပ်ထားပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ပညာသင်ကြားရန် စာသင်ကျောင်းများမရှိသေးကြောင်း ယင်းဝင်းနေထိုင်သူ အမျိုးသမီး တစ်ဦးထံမှ သိရသည်။
“ အရင်တုန်းကဘာမှမရှိဘူး။ အခုတော့ကားဝင်းတွေရှိတယ်။ G&G လို ဆိုင်တွေရှိတယ်။ လက်ဖက်ရည်ဆိုင်လည်းရှိပြီ။ လူနေများတယ်။ ကျောင်းတက်ဖို့၊‌ ဆေးခန်းပြဖို့က အဝေးကြီး သွားရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါအိမ်ရာဝင်း စည်းကမ်းများတွင် အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ရှိသူက အခြားသူများကို နေထိုင်ခွင့်မပြုရန် ပါရှိသော်လည်း ငှားရမ်းသည့်အပြင် ရောင်းချနေထိုင်မှုများရှိကြောင်း ယင်းအိမ်ရာဝင်းအတွင်းမှ စုံစမ်းသိရသည်။
ယင်းတိုက်ခန်းငှားရမ်းခတွင် ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြင့် ငါးနှစ်တစ်ခါနေထိုင်ခွင့် ရှိကြောင်းသိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ တည်ဆောက်ပြီးစီးသော တိုက်ခန်းများအတွက် လျှောက်ထားသူများကို ၂၀၂၄ ခုနှစ်မှ စတင်၍ မဲစနစ်လေးကြိမ် ပြုလုပ်ထားပြီး မဲပေါက်သူ အိမ်ထောင်စုပေါင်း ၂၇၃၆ ဦးအထိ နေထိုင်လျက်ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) အိမ်ရာ စုဆောင်းငွေ ကျပ် သိန်း ၃၀ ကနဦး စုဆောင်းထားပြီး လျှောက်လွှာဝယ်ယူထားသူများကို သီလဝါ၊ ယုဇနအပိုင်း( ၃)၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်းအပိုင်း(၁) အိမ်ရာများရှိ အခန်းပေါင်း ၂၅၀ ကို ယခုဇွန်လအတွင်း မဲနှိုက်ရောင်းချပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီဆောက်လုပ်ရေးဝန်ကြီးဌာန