Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ

by

in

Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ
ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချ နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“PLA ကနေပြီးတော့ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ ရန်သူ့ ဂျက်ဖိုက်တာ ၁ စီးကို ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်သိမ်း တိုက်ပွဲမှာ ပစ်ချလိုက်တယ်။ ရန်သူ့ ဂျက်ဖိုက်တာ ၁ စီး ပျက်ကျသွားပါတယ်။ အဲတာဟုတ်ပါတယ် မှန်ကန်ပါတယ်။ နောက်ဆက်တွဲ သတင်းကို ပြန်လည် ထုတ်ပြန်သွားပါ့မယ်” ဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ဂျက်ဖိုက်တာသည် ပုလဲမြို့နယ်၊ စပါးစေ့ရွာပေါ်ကို ပျက်ကျသွားကြောင်း Union Liberation Front တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။
လေကြောင်းသတင်းအချက်အလက်တချို့အရ ပစ်ချခံရသော တိုက်လေယာဉ်သည် မှော်ဘီလေတပ်စခန်းမှ ဖြစ်ကြောင်း သိရှိထားရသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် ဆက်လက် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။