တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို…
ဇွန် ၉၊ ၂၀၂၅
တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
တအာင်းပြည်ရဲ့ အရေးပါတဲ့ အင်အားစုတွေဖြစ်တဲ့ တအာင်းအမျိုးသားပါတီ(TNP) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ရဲ့ ဦးဆောင်မှုနဲ့ တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို တညီတညွတ်တည်း အတည်ပြုကာ ဦးဆောင်အကောင်အထည်ဖော်မယ့် တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ တအာင်းပြည်နယ်အတွက် အလွန်အရေးပါတဲ့ နိုင်ငံရေးအရွေ့တစ်ခုဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။
တအာင်းပြည်ကောင်စီအနေနဲ့ တအာင်းလူထု မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးရည်မှန်းချက်တွေ ပေါက်ရောက်အောင်မြင်အောင် ဦးဆောင်လမ်းပြနိုင်မယ်လို့လည်း ယုံကြည်ကြောင်း MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းဆည်းရရှိထားတဲ့ နယ်မြေဒေသတွေမှာ တအာင်းပြည်ကောင်စီ ဦးဆောင်ပြီး ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့စည်းသွားမယ့်အစီအစဥ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်ဆိုတဲ့ တအာင်းပြည်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုပြီး MDY-PDF အနေနဲ့လည်း လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။