ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေက နောက်ပြန်ဆုတ်ခိုင်းနေတယ်လို့ PDF နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ကျောက်မဲမြို့မှာသာ PDF တော်လှန်ရေးတပ်ဖွဲ့တွေ ကျန်ရှိပြီး တခြားနယ်တွေက PDF တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပြန်ဆုတ်ပေးလိုက်ကြတာ ရှိတယ်လို့ ဆိုပါတယ်။
PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက “ကြားနေရတဲ့အခြေအနေက နောင်ချိုကြီးဆိုရင် ၃ ရက်အတွင်း ရွှေ့ပေး၊ နောင်အုန်း ဆိုရင် ၂ ရက်အတွင်း ရွှေ့ပေးဆိုပြီး ဆိုင်ကယ်တွေနဲ့ လိုက်ပြောတယ်။ ပြီးတော့ PDF တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေကတော့ ရွှေ့ထားလိုက်ပြီ။ အခြေအနေအရ TNLA က စစ်ကောင်စီကို ပြန်ပေးမယ့်သဘော ရှိတယ်။ မန္တလေး PDF တွေက ကူဖို့ပြောတာတောင် အကူမခံဘူး။ သူတို့ရဲ့ပစ္စည်းတွေကို ၁၀ ဘီးကား ၁၂ ဘီးကားတွေနဲ့ သယ်ယူနေတာတွေ တွေ့ရတယ်။ စစ်ကောင်စီကို ပေးလိုက်ရတဲ့ ရွာတွေက မဲပုတ်၊ နောင်လင်၊ ခုဆို နောင်ချိုကြီး၊ ရွှေမုဋ္ဌောကန်ကြီး၊ ရှောက်ချုံ၊ အဲဒီအထိက ပေးလိုက်ရပြီ။ အဲဒီကျေးရွာတွေမှာဆိုရင် စစ်ကောင်စီတပ်တွေက နေရာယူထားပြီ” လို့ ပြောပါတယ်။
ကန်ကြီးဆိုရင် အဲဒီရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေလို့ သီလရှင်ဆရာလေးတွေတောင် နောင်ပိန်ကို ရောက်လာပြီ။ အဲဒီမှာ စစ်ကောင်စီတပ်တွေ ရောက်လာလို့ ပြေးနေရတာလို့ ဆိုပါတယ်။
PDF တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်က “ဗိုလ်ဖြိုးဦး ဆိုရင် နောင်ချို PDF ဆိုပြီး အဖမ်းပါခံရတာ၊ ၂ လလောက် အချုပ်ထဲ ကျသွားတာ၊ ခုတော့ ပြန်လွတ်ပြီ။ MOD လက်အောက်ကနေ ပြန်တိုက်တော့မှာလေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေကို TNLA က ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို ပေးလိုက်ရင်တော့ PDF တော်လှန်ရေးတပ်ဖွဲ့တပ်ရင်းတွေ၊ နိုင်ငံရေးအကျဥ်းသားတွေ၊ CDM ဝန်ထမ်းတွေနဲ့ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နေရထိုင်ရ သွားရလာရတာ အခက်အခဲတွေ ဖြစ်ကြမှာပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ TNLA သတင်းပြန်ကြားရေးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။
TNLA နဲ့ PDF တပ်ပေါင်းစုတွေက နောင်ချိုမြို့ကို ၂၀၂၄ ဇူလိုင် ၁၀ ရက်မှာ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။