▪︎Breaking News
အာဏာသိမ်းခေါင်းဆောင်လွိုင်ကော်လာစဥ်
KNDF က တိုက်ခိုက်
“အကြမ်းဖက်စစ်တပ်စီကသိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ”
-KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီ
-ဒီပ၊ ရဲခေါင် /People’s Spring
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်ကော်မြို့သို့လာရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြုပြောကြားသည်။
“အကြမ်းဖက်စစ်တပ်စီက သိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ” ဟု KNDF ဒုစစ်ဦးစီးချုပ်က လူထုနွေဦးသို့အတည်ပြုပြောကြားသည်။
“သတင်းကြိုရတဲ့အတွက် KNDF ရဲ့ လက်နက်
ကြီးတပ်ဖွဲ့ကို ကျနော််တို့ အမိန့်ပေး တိုက်ခိုက်ခိုင်းခဲ့တာပါ” ဟု ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုရှိသော်လည်း အသေးစိတ်အတည်ပြုရန်ခက်ခဲနေ
ကြောင်း ၎င်းကဆက်ပြောသည်။
အလားတူ ဒေသခံအချို့ကလည်း တိုက်ခိုက်မှုတွင် ထိခိုက်သူ အချို့ရှိခဲ့သည်ဟု ပြောသည်။
“မအလ က ဒီနေ့ လွိုင်ကော် ဒကစ နဲ့ ပြည်နယ်ခန်းမ မှာ တွေ့ဆုံပွဲ နှစ်ခုလုပ်တယ်။အပြန်ခရီးမှာ ပစ်တာလို့သိရတယ်။ညနေ ၃ နာရီ ခွဲလောက်မှာ ပြန်သွားတာ။မအလတော့ မထိသွားဘူးကြားတယ်”ဟုလွိုင်ကော်ဒေသခံတစ်ဦးကပြောသည်။
တိုက်ခိုက်ခံရ့ပြီးနောက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက လွိုင်ကော်မြို့အနောက်ဘက်ရှိ ဘုရားဖြူ ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအ ခြေအနေကို မသိရသေးပေ။
ယနေ့ ကရင်နီပြည်နယ်တွင် စစ်ခေါင်းဆောင်၏ တွေ့ဆုံမှုနှစ်ခု၌ (ကယား)ကရင်နီပြည်နယ်ကို အမြန်ဆုံး ပြန်လည်ရရှိအောင်ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်။
“အဓိကတော့ လွိုင်ကော်မြို့အေးချမ်းနေပြီဆိုပြီး သူ ကိုယ်တိုင်လာပြီး ပရိုမိုးရှင်း ဆင်းတာပေါ့။တ ကယ်တမ်း က လွိုင်ကော်မြို့ကို စကစ အနေနဲ့ အလုံးစုံမထိန်းနိုင်သေးဘူး။သူ့ဘာသာသန်းခေါင်
စာရင်းကောက်မယ်သာပြောတာ။စစ်ရှောင်တွေ သုံးပုံ နှစ်ပုံလောက် က ပြန်မလာသေးဘူး။သူတောင် ဒီနေ့ တိုက်ခံရတာ ကိုကြည့်လေ”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရန်ကြိုးပမ်းနေသည့် ကရင်နီပြည်နယ် ရှိ လူဦးရေ နှစ်သိန်းခွဲတွင် အများစုမှာ စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း ကရင်နီလူမှု အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့ တွင် အာဏာသိမ်းခေါင်းဆောင် လွိုင်ကော်ရောက်ရှိနေစဥ် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းရေးသားနေကြသည်။
အာဏာသိမ်းခေါင်းဆောင်သည် လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် -ဒကစ (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းဌာနဖြစ်သောMRTV ရုပ်သံက ယနေ့(စက်တင်ဘာ ၄)ညတွင် ကြေညာခဲ့သည်။ထိုအပြင် မင်းအောင်လှိုင် သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်
နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့သည်ဟုဆိုသည်။ မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်တောင်ကြီး ၊ထိုမှ လေကြောင်းဖြင့် ကရင်နီပြည် လွိုင်ကော် မြို့ ထိုမှ တဆင့် ကားဖြင့် ရှမ်းပြည်တာင်ပိုင်း ဆီဆိုင်ဒေသသို့သွားရောက်ခဲ့ကြောင်း
သိရသည်။
ထိုကြောင့် KNDF တိုက်ခိုက်မှုမှာ အာဏာသိမ်း
ခေါင်းဆောင်ကိုမူ မထိခဲ့ကြောင်းတွေ့ရသည်။
အာဏာသိမ်းခေါင်းဆောင်က လွိုင်ကော်မြို့သို့လာရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ KNDF ဒုစစ်ဦးစီးချုပ် က “များများလာပေးပါ ကျနော်တို့ လက်နဲ့ အဆုံးသတ်ပေးလိုက်ရတယ်ဆိုတဲ့ သမိုင်းရေးချင်လို့ပါ အဲ့ဒါပဲပြောချင်ပါတယ်” ဟုမှတ်ချက်ပြုသည်။
၁၁.၁၁ စစ်ဆင်ရေးနှင့်အတူ ကရင်နီ ပြည်နယ်၊
လွိုင်ကော်မြိို့ကို ကရင်နီတပ်ပေါင်းစုများက သိမ်းပိုက် ထိန်းချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။သို့သော် ကရင်နီပြည်နယ်အ
တွင်းရှိ မိုးဗြဲ၊နန်းမယ်ခုံ၊ဒီးမော့ဆို၊ရှားတော၊ရွာသစ်၊မော်ချီး နှင့် မယ်စဲ့ မြို့များကို ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ထိန်းချုပ်ထားသည်။
(KNDF တပ်ဖွဲ့ဝင်များ ၊ ၂၀၂၃ နိုဝင်ဘာလတွင်လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၌ ကရင်နီတပ်ပေါင်းစုက စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများနှင့် အာဏာသိမ်းခေါင်းဆောင်ကို စက်တင်ဘာ ၄ ရက်တွင် လွိုင်ကော် ဒကစ တွင်တွေ့ရစဥ်။ ဓါတ်ပုံ- KNDF ၊MRTV)
Leave a Reply