မုတ်သုံလေနှင့် လေပွေလှိုင်းအရှိန်ကြောင့် လာမည့် တစ်ပတ်အတွင်း ရက်ရှည်ထစ်ချုန်းမိုးရွာကာ မိုးကြီးမည်
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
မုတ်သုံလေနှင့်လေပွေလှိုင်းအရှိန်ကြောင့် လာမည့်တစ်ပတ် ဇွန် ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းမိုးကြီးပြီး ရေကြီးရေလျှံနိုင်ကြောင်းစစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာမှုနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကရင် ၊ ကရင်နီ (ကယား)၊ ချင်း၊ မွန်၊ ရခိုင် ၊ ရှမ်းပြည်နယ်( တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။
“ မြန်မာတစ်ပြည်လုံးမှာ ရက်ရှည်ထစ်ချုန်းမိုး ရွာသွန်းနိုင်သလို အချို့နေရာတွေမှာ မိုးကြီးလို့ ရေလျှံ တာတွေဖြစ်ပေါ်လာနိုင်တယ် ” ဟု ဦးဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ပြီး သတိထားနေထိုင်ရန် မိုး/ဇလ က ဆိုသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#တစ်ပတ်အတွင်းမိုးကြီးမည် #တိုင်းနှင့်ပြည်နယ် #ရေကြီးရေလျှံနိုင် #Ayeyarwaddy_Times